GFA ကို ဂိုးမိုးရွာပြီး ဒုတိယအကျော့ကိုအနိုင်နှင့်ဖွင့်လှစ်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

GFA ကို ဂိုးမိုးရွာပြီး ဒုတိယအကျော့ကိုအနိုင်နှင့်ဖွင့်လှစ်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ဒုတိယအကျော့ပွဲစဉ်အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် GFA အသင်းတို့ပွဲစဉ်ကို ယနေ့ YUSC ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက ၉-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။ ရန်ကုန်ယူနိုက်တက် အသင်းအတွက် သွင်းဂိုးများကို ဗလန်စီယာမှ ၄ ဂိုး၊ ဥက္ကာနိုင် ၂ ဂိုး၊ ဟာဘီလာ၊ ဆီလာ နှင့် ရန်ကျော်ထွေးမှ ၁ ဂိုးစီ သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ယနေ့ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၃-၅-၂ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲစသည်နှင့် တိုတစ်ဖက်အသင်းကို တိုက်စစ်ဆင် ကစားနိုင်ခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၅ မိနစ်တွင် ရန်နိုင်ဦးကန်တင်ပေးသည့် အလွတ်တည်ကန်ဘောမှတဆင့် ဟာဘီလာ က ခေါင်းတိုက် သွင်းယူခဲ့သည်။ ပွဲချိန် ၁၁ မိနစ်တွင် ဆီလာ က ခေါင်းတိုက်ကာ ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ပွဲချိန် ၁၆ မိနစ်တွင် ဗလန်စီယာ က တတိယဂိုးကို သွင်းယူပေးခဲ့သည်။ ထို့နောက် ပွဲချိန် ၂၆ မိနစ်နှင့် မိနစ် ၃၀ တွင် ဗလန်စီယာ က ခေါင်းတိုက်ပြီး ၂ ဂိုးထပ်မံသွင်းယူခဲ့သောကြောင့် ပထမပိုင်းပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းက GFA အသင်းကို ၅-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ပွဲချိန်ဒုတိယပိုင်းတွင် မင်းကျော်ခန့် အစား ဥက္ကာနိုင် ကို ထည့်သွင်းအသုံးပြု ခဲ့ပြီး ပွဲချိန် ၅၆ မိနစ်တွင် ဇော်ဝင်းသိန်း အလွတ်တည်ကန်ဘောမှတဆင့် လူစားဝင်ကစားသမား ဥက္ကာနိုင် က ဆဌမမြောက် ဂိုးကိုသွင်းယူခဲ့သည်။ ထို့နောက် ၂ မိနစ်အကြာ ပွဲချိန် ၅၈ မိနစ်တွင် ဗလန်စီယာ က သတ္တမမြောက် ဂိုးသွင်းယူခဲ့ပြီး ပွဲချိန် ၆၃ မိနစ်တွင် လူစားဝင် ကစားသမား ရန်ကျော်ထွေးက အဌမမြောက်ဂိုးကို သွင်းယူခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်း အတွက် နဝမ မြောက် သွင်းဂိုးကို ပွဲချိန် ၆၈ မိနစ်တွင် ဇော်ဝင်းသိန်း ဖန်တီးပေးမှုမှတဆင့် ဥက္ကာနိုင်က အဆုံးသတ် သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းက GFA အသင်းကို ၉-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးကျော်ဒွန်း က “ဘောလုံးမှာ ရလဒ်က အရေးကြီးပါတယ်၊ အနိုင် ၃ မှတ်အတွက် ကစားသမားတွေ ကြိုးစားကြတဲ့အတွက် ကျေနပ်အားရမှုရှိပါတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၂ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် နိုင်ပွဲ ၁၀ ပွဲ၊ သရေ ၁ ပွဲနှင့် ၁ ပွဲရှုံး ရမှတ် ၃၁ မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်နေပြီးလာမည့် ဇူလိုင်လ ၂၄ ရက်နေ့တွင် မြဝတီအသင်းနှင့် သုဝဏ္ဏကွင်းတွင်ဆက်လက်ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။