ဧရာဝတီယူနိုက်တက်အသင်းကို ရန်ကုန်ယူနိုက်တက်အသင်း ဂိုးပြတ်အနိုင်ယူ။

ဧရာဝတီယူနိုက်တက်အသင်းကို ရန်ကုန်ယူနိုက်တက်အသင်း ဂိုးပြတ်အနိုင်ယူ။

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့၏ ပွဲစဉ်ကို ယနေ့ညနေ ၃:၃၀ က Yangon United Sports Complex တွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်းက ၄-၁ ဂိုးနှင့် ဧရာဝတီအသင်းကို အနိုင်ရရှိခဲ့သည်။

ပွဲစပြီး ၁၀ မိနစ်အကြာတွင် ဧရာဝတီအသင်းမှ သီဟ က ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး ဦးဆောင်ဂိုးရရှိခဲ့သည်။ ရန်ကုန်အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၁၉ မိနစ်တွင် ရဲလင်းထက် ၏ ညာခြမ်းမှ ပေးပို့မှုကို ရန်ကျော်ထွေးက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ တစ်ဖက်တစ်ဂိုးစီနှင့် အကြိတ်အနယ်ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ပြီး ဦးဆောင်ဂိုးကို ရန်ကျော်ထွေးက နာကျင်အချိန်ပို ၂ မိနစ်တွင် သွင်းယူပေးခဲ့ပြီး ၂-၁ ဂိုးနှင့် ပွဲကို ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်းတွင် ကြည်လင်းအစား ဉာဏ်လင်းထက် ဝင်ရောက်လာခဲ့ပြီး တစ်ဖက်အသင်းကို ကစားအားကောင်းကောင်းဖြင့် တိုက်စစ်ဆင်ကစားခဲ့သည်။ ပွဲချိန် ၆၆ မိနစ် ဇော်ဝင်းသိန်းကန်သွင်းရာမှ ပြန်လျှံထွက်လာသည့် ဘောလုံးကို ရန်နိုင်ဦးက သွင်းယူခဲ့သည်။ မိနစ်အနည်းငယ် ကြာပြီးနောက် ရန်ကျော်ထွေးအစား ကောင်းစည်သူ၊ ရဲလင်းထက်အစား သာယာဝင်းထက် ဝင်ရောက်ကစားခဲ့ပြီး တိုက်စစ်မြှင့်တင်ခဲ့သည်။ ရန်ကုန်အသင်း ဂိုးကန်သွင်းခွင့်များရရှိခဲ့ပြီး ရန်ကုန်အသင်းအတွက် အဆုံးသတ်အနိုင်ဂိုးကို သာယာဝင်းထက် က သွင်းယူပေးခဲ့ရာ ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို ၄-၁ ဂိုးနှင့် အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးကျော်ဒွန်း က “ လိုအပ်ချက်တွေကတော့ ရှိနေဆဲပါ။ ကျွန်တော်လေ့ကျင့်ရေးကွင်းမှာ သင်ကြားပေးထားတဲ့အတိုင်းပဲ ဂိုးတွေသွင်းပေးခဲ့လို့ ကစားသမားတွေကို ကျေးဇူးတင်ပါတယ်” ဟုပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၈ ပွဲကစား၊ ၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရမှတ် ၂၀ မှတ် ရရှိထားပြီး လာမည့် စက်တင်ဘာ ၁၅ ရက်နေ့၊ Dagon Port အသင်းနှင့် သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။