ဥက္ကာနိုင်၏ ဟက်ထရစ်ဂိုးနှင့်အတူ Dagon Port အသင်းကို ဂိုးမိုးရွာခဲ့သည့် ရန်ကုန်ယူနိုက်တက်

ဥက္ကာနိုင်၏ ဟက်ထရစ်ဂိုးနှင့်အတူ Dagon Port အသင်းကို ဂိုးမိုးရွာခဲ့သည့် ရန်ကုန်ယူနိုက်တက်

Dagon Port အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်ကို ယနေ့ညနေက သုဝဏ္ဏကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်းက ၆-၁ ဂိုးနှင့် Dagon Port အသင်းကို အနိုင်ရရှိခဲ့သည်။

ရန်ကုန်အသင်း အကောင်းဆုံးပုံစံနှင့်ပွဲထွက်လာခဲ့ပြီး ၃ မိနစ်အကြာတွင် ဇော်ဝင်းသိန်း ကန်တင်သည့်ထောင့်ကန်ဘောမှတဆင့် ဥက္ကာနိုင် ခေါင်းတိုက်သွင်းယူပေးခဲ့သည်။ ရန်ကုန်အသင်း ဘောလုံးပိုင်ဆိုင်မှုအသာစီးနှင့် ကစားနိုင်ခဲ့ပြီး ပွဲချိန် ၃၆ မိနစ်တွင်လည်း ဇော်ဝင်းသိန်း ပြစ်ဒဏ်ဘော ကန်တင်မှုကို ဥက္ကာနိုင် က ဂိုးအဖြစ်ပြောင်းလဲပေးနိုင်ခဲ့သည်။ ပထမပိုင်းအချိန်ပို ၂ မိနစ်တွင် ဇော်ဝင်းသိန်း ဂိုးကန်သွင်းယူရန်ကြိုးစားရာမှ ဂိုးသမားပုတ်ထုတ်ခဲ့ပြီးပြန်လျှံထွက်လာသည့် ဘောလုံးကို ရန်ကျော်ထွေးက အနီးကပ် ပိတ်သွင်းယူနိုင်ခဲ့ရာ ပထမပိုင်းကို ၃-၀ ဂိုးနှင့် ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် Dagon Port အသင်းအတွက်ချေပဂိုးကို စည်သူနိုင်က ပွဲချိန် ၅၅ မိနစ်တွင် ပြန်လည်သွင်းယူပေးခဲ့သည်။ ထို့နောက်ရန်ကုန်အသင်းလူစားလဲမှုများပြုလုပ်ခဲ့ပြီး ရန်ကျော်ထွေး နှင့် ဇော်ဝင်းသိန်းတို့အစား လမင်းထွေး နှင့် သာယာဝင်းထက်တို့ ဝင်ရောက်ကစားခဲ့သည်။ ရန်ကုန်အသင်း ကစားအားကောင်းကောင်းနှင့် တစ်ဖက်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး ၅၉ မိနစ်တွင် ဒေးဗစ်ထန်း၊ ၆၁ မိနစ်တွင် လမင်းထွေး၊ ၆၇ မိနစ်တွင် ဥက္ကာနိုင် တို့ကသွင်းယူပေးခဲ့ပြီး ၆-၁ ဂိုးနှင့် အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဦးကျော်ဒွန်း က “ ကစားသမားတွေကအရည်အချင်းရှိတဲ့အတွက် ကျွန်တော်ကလမ်းကြောင်းပြပေးရုံပါပဲ။ ကစားသမားတွေကြိုးစားတဲ့အတွက်ကြောင့် ဒီလိုရလဒ်မျိုးရရှိခဲ့တာပါ” ဟုပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၉ ပွဲကစား၊ ၇ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရမှတ် ၂၃ မှတ်ရရှိထားပြီး လာမည့် စက်တင်ဘာ ၁၄ ရက်နေ့၊ YUSC ကွင်းတွင် Dagon Star United အသင်းနှင့်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။