အိမ်ကွင်းတွင် ဒဂုံပေါ့အသင်းကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အသင်း။
ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဒဂုံပေါ့အသင်းတို့၏ ပွဲစဉ်ကို ယနေ့ညနေက YUSC ကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်းက ၅-၁ ဂိုးနှင့် ဒဂုံပေါ့အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
ပွဲစပြီး ၈ မိနစ်အကြာတွင် အဖွင့်ဂိုးရရှိခဲ့ပြီး ဒေးဗစ်ထန်း ဘယ်ခြမ်းကပေးပို့မှုမှတဆင့် ရန်ကျော်ထွေးကသွင်းယူပေးခဲ့သည်။ ၁၀ မိနစ်အကြာမှာပင် ဒဂုံပေါ့ အသင်းချေပဂိုးပြန်လည်ရရှိခဲ့ပြီး မိုဂူး က သွင်းယူပေးခဲ့သည်။ ပွဲချိန် ၄၁ မိနစ်တွင် ဒေးဗစ်ထန်းက ထပ်မံသွင်းယူခဲ့ပြီး ပထမပိုင်းကို ၂-၁ ဂိုးနှင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်းစပြီး မိနစ်အနည်းငယ်အကြာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပွဲကို ခေတ္တရပ်နားခဲ့ရပြီး ၁၅ မိနစ်အကြာတွင်ပြန်လည်စတင်ခဲ့သည်။
ပွဲချိန် ၆၁ မိနစ်တွင် အီစိုး၏ ဂိုးရှေ့ချပေးမှုကို ရန်နိုင်ဦး က အပိုင်ကန်သွင်းယူခဲ့ပြီး ရန်ကုန်အသင်း တတိယဦးဆောင်ဂိုးရရှိခဲ့သည်။ ပွဲချိန် ၇၆ မိနစ်တွင် ရန်ကုန်အသင်းရရှိသည့် ထောင့်ကန်ဘောကို ဇော်ဝင်းသိန်း ဂိုးရှေ့ကန်တင်ပေးရာမှတဆင့် ကောင်းစည်သူက အနီးကပ်ပိတ်သွင်းယူခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် အဆုံးသတ်အနိုင်ဂိုးကို အီစိုးကသွင်းယူခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ဒဂုံပေါ့အသင်းကို ၅-၁ ဂိုးနှင့် အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးကျော်ဒွန်း က “ နိုင်ငံခြားသား သုံးယောက်ပါတဲ့အသင်းကို နိုင်ရခဲ့တဲ့အတွက် ကျွန်တော့ကစားသမားတွေကိုချီးကျူးချင်ပါတယ်။ လာအားပေးတဲ့ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟုပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၁၂ ပွဲကစား၊ ၉ ပွဲနိုင်၊ ၃ ပွဲသရေနှင့် ရမှတ် ၃၀ ရရှိထားပြီး လာမည့် နိုဝင်ဘာ ၃ ရက်နေ့တွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် သုဝဏ္ဏကွင်းတွင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။