သုဝဏ္ဏကွင်းတွင် ဧရာဝတီယူနိုက်တက်အသင်းကိုဂိုးပြတ်အနိုင်ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း။
ယနေ့ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၂၀)အဖြစ် ဧရာဝတီယူနိုက်တက်အသင်းနှင့်ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက (၄-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
ယနေ့ပွဲစဉ်တွင်ရန်ကုန်ယူနိုက်တက်အသင်းဘက်မှ တောင်ပံကစားသမား ဥက္ကာနိုင်ပြန်လည်ပါဝင်လာနိုင်ခဲ့သည့်အပြင် ဂိုးသမားသူရကျော်ကိုအသုံးပြုကာ ပွဲထွက်ကစားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းဘက်မှ ပထမပိုင်းစပြီး(၄) မိနစ်အကြာတွင် ဥက္ကာနိုင်၏ပေးပို့မှုကိုပြိုင်ဘက်နောက်တန်းကစားသမား၏ ဖြတ်ထုတ်မှုမှားယွင်းရာမှ ဂိုးထဲသို့ဝင်ရောက်သွားကာ ရန်ကုန်ယူနိုက်တက်ဘက်မှ ဦးဆောင်ဂိုးစတင်ရရှိခဲ့သည်။လက်ကျန်ပထမပိုင်းပွဲချိန်များတွင် ရန်ကုန်ယူနိုက်တက်အသင်းဘက်မှ ထိုးဖောက်မှုတွေရှိခဲ့သော်လည်း အဆုံးသတ်အားနည်းမှုအချို့ကြောင့် ပထမပိုင်းတွင် (၁-၀) ဂိုးဖြင့်ဦးဆောင်ထားနိုင်ခဲ့သည်။
ထို့နောက်ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းဘက်မှ ဦးဆောင်ဂိုးများထပ်မံရရှိရေး ကြိုးပမ်းကစားခဲ့ပြီး ပွဲချိန် (၄၈) တွင်ဥက္ကာနိုင်၏ဖန်တီးပေးပို့မှုမှ ကွင်းလယ်ကစားသမား ဇော်ဝင်သိန်းမှ ဒုတိယဦးဆောင်ဂိုးကိုထပ်မံသွင်းယူခဲ့သည်။ရန်ကုန်ယူနိုက်တက်အသင်းဘက်မှ တိုက်စစ်အားမချပဲ ဆက်လက်တိုက်စစ်ဆင်ကစားခဲ့ရာ ပွဲချိန်(၅၉) မိနစ်တွင်တိုက်စစ်ကစားသမား ရန်ကျော်ထွေးမှ ရန်ကုန်ယူနိုက်တက်အသင်းအတွက် တတိယဦးဆောင်ဂိုးအား ထပ်မံသွင်းယူပေးခဲ့သည်။ ထို့နောက်ရန်ကုန်ယူနိုက်တက်ဘက်မှ လူစားအပြောင်းအလဲများပြုလုပ်ခဲ့ပြီး ယှဉ်ပြိုင်ကစားခဲ့ရာ ဥက္ကာနိုင်၏ဖန်တီးပေးပို့မှုကို လူစားဝင်ကစားသမား အီစိုးကန်သွင်းယူခဲ့ရာမှ ပွဲချိန် (၆၉) မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်းအတွက် စတုတ္ထဦးဆောင်ဂိုးကိုရရှိခဲ့သည်။ထို့နောက် ရန်ကုန်ယူနိုက်တက်အသင်းဘက်မှ ကစားအားချကာ ပွဲကိုထိန်းကစားသွားခဲ့ပြီး ပွဲပြီးဆုံးချိန်မှာတော့ (၄-၀) ဂိုးဖြင့် ဧရာဝတီယူနိုက်တက်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
ပွဲပြီးအင်တာဗျူးတွင် ရန်ကုန်ယူနိုက်တက်နည်းပြချုပ် ဦးကျော်ဒွန်းမှ “ကျွန်တော်ကွင်းလယ်ပိုင်းကိုအနည်းငယ်ပြင်ဆင်ပြီးပွဲထွက်ခဲ့ပါတယ်။ ပွဲအတွင်းပွဲထွက်ကစားသမားတွေရော လူစားဝင်ကစားသမားတွေရော အကောင်းဆုံးအကျိုးပြုခဲ့တာတွေ့ရပါတယ်” လို့ပြောကြားခဲ့ပါသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ်(၂၀) ကစားထားအပြီး ၁၃ပွဲနိုင် ၊ (၆)ပွဲသရေ ၊ (၁)ပွဲရှုံးနှင့် (၄၅) မှတ်ရရှိထားပြီး လာမည့် ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် ဒဂုံစတားအသင်းနှင့်သုဝဏ္ဏကွင်းတွင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
#YUFC #Yangon #ThisIsYangon #HomeOfYUFC #DreamBigPlayHard #MNL2024/25 #AUFCvsYUFC