ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ရမှတ်ခွဲယူ

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ရမှတ်ခွဲယူ

ယနေ့ညနေပိုင်းကယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့၏ ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီနှင့် ရမှတ်ခွဲယူခဲ့ကြသည်။ ရန်ကုန်အသင်းအတွက် ဦးဆောင်ဂိုးကို လမင်းထွေး က သွင်းယူပေးခဲ့ပြီး ဟံသာဝတီအသင်းအတွက်ချေပဂိုးကို ကျော်မျိုးနိုင် က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

ပထမပိုင်းတွင် နှစ်ဖက်အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြသော်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိသဖြင့် ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သည်။ ထို့နောက် ဒုတိယပိုင်းစပြီး ၁၃ မိနစ်အကြာတွင် ဟံသာဝတီဂိုးသမား က ဒေးဗစ်ထန်းကို ပင်နယ်တီဧရိယာအတွင်း ဥပဒေပကျူးလွန်သဖြင့် ရန်ကုန်အသင်း ပင်နယ်တီရရှိခဲ့ပြီး ထိုပင်နယ်တီကို လမင်းထွေး က သွင်းယူပေးခဲ့သည်။ ဟံသာဝတီအသင်းအတွက်ချေပဂိုးကို လူစားဝင်ကစားသမား ကျော်မျိုးနိုင် က ၇၃ မိနစ်တွင် ရရှိသည့် ထောင့်ကန်ဘောမှတဆင့် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ လက်ကျန်မိနစ်အချိန်များတွင် နှစ်သင်းစလုံး ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိသဖြင့် တစ်ဖက်တစ်ဂိုးစီနှင့် ရမှတ်ခွဲယူခဲ့ကြသည်။

ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးကျော်ဒွန်း က “ဒီနေ့ပွဲမှာလာအားပေးတဲ့ ပရိသတ်တွေက တာဝန်ကျေကြပါတယ်။ ကျွန်တော်တို့ကတာဝန်မကျေခဲ့တာပါ။ သရေကျတယ်ဆိုပေမယ့်လည်း ကျွန်တော်တို့အတွက်က ရှုံးသလိုပါပဲ” ဟု ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၃ ပွဲကစား၊ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၇ မှတ်ရရှိထားပြီး လာမည့် ဇူလိုင်လ ၂၇ ရက်နေ့တွင် မဟာယူနိုက်တက်အသင်းနှင့် YUSC ကွင်းတွင်ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။