ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းက ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းကို ဂိုးပြတ်အနိုင်ရရှိ

ယနေ့ စလင်းကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းနှင့် ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းတို့၏ ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းက (၄-၁) ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက် အမျိုးသမီး အသင်းက ပွဲစပြီး (၅) မိနစ်အကြာတွင် ပန်းအိနွယ်၏ သွင်းဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။ ထို့နောက် ရှမ်းယူနိုက်တက်အသင်းက ချေပဂိုးရရှိရေးအတွက် ပိုမိုတိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲချိန် (၁၆) မိနစ်တွင် နန်းဖြူဖြူသွယ်ရဲ့ ဧရိယာတွင်း ကန်ချက်နှင့် အတူ ရှမ်းယူနိုက်တက်အသင်း ချေပဂိုးရရှိခဲ့သည်။

ဒုတိယပိုင်းတွင် နှစ်သင်းစလုံးနည်းစနစ်အပြောင်းအလဲများနှင့် အနိုင်ဂိုးရရှိရေး ရေကုန်ရေခမ်း ယှဉ်ပြိုင်ကစားခဲ့သည်။ ပွဲကစားချိန် ကြာလာတာနဲ့အမျှ ရှမ်းယူနိုက်တက်အသင်းရဲ့ ကစားအား ကျဆင်းမှုကို ရန်ကုန်ယူနိုက်တက်ဘက်မှ အခွင့်ကောင်းရယူနိုင်ခဲ့ပြီး ပွဲချိန် (၅၅) မိနစ်တွင် ယွန်းဝတီလှိုင်က ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးကိုသွင်းယူပေးခဲ့သည်။ ထို့နောက်ရန်ကုန်ယူနိုက်တက်ဘက်မှ ဆက်လက်တိုက်စစ်ဆင်ကစားခဲ့ရာ ပွဲချိန် (၇၉) မိနစ်တွင် အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်း မှ ဧရိယာအပြင်ဘက်မှ ဘယ်ခြေဖြင့်လှလှပပ ကန်သွင်းယူပြီး ရန်ကုန်ယူနိုက်တက်အသင်းအတွက် တတိယအနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် ရန်ကုန်ယူနိုက်တက် အသင်းဘက်မှ ကစားအားချခဲ့ပြီး ပွဲရလဒ်ကို ထိန်းကစားခဲ့ကာ ပွဲပြီး အချိန်ပိုနောက်ဆုံးမိနစ်တွင် တန်ပြန်တိုက်စစ်မှ တဆင့် ဝင်းသိင်္ဂီထွန်း ၏ မျှောထိုးပေးပို့မှုကို လူစားဝင်ကစားသမား နှင်းလင်းလတ်လှိုင် က လှလှပပအဆုံးသတ်နိုင်ခဲ့သည့် အတွက် ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းက (၄-၁) ဂိုးဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း ၈ ပွဲကစား၊ ၇ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၂၁ မှတ်နှင့် အမှတ်ပေးဇယားကိုဦးဆောင်နေပြီး လာမည့်ဇူလှိုင်လ (၂၈) ရက်နေ့တွင် YUSC ကွင်းတွင် မြဝတီအမျိုးသမီးအသင်းကို ဧည့်ခံယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။