ရတနာပုံအသင်းကို ၃-၁ ဂိုးနှင့်အနိုင်ရပြီး ဗိုလ်လုပွဲသို့တက်ရောက်

ရတနာပုံအသင်းကို ၃-၁ ဂိုးနှင့်အနိုင်ရပြီး ဗိုလ်လုပွဲသို့တက်ရောက်

Myanmar National League Cup 2024 ပြိုင်ပွဲ (ဆီးမီးဖိုင်နယ်) ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း နှင့် ရတနာပုံအသင်းတို့၏ ပွဲစဉ်တွင် ရန်ကုန်အသင်းက ရတနာပုံအသင်းကို ၃-၁ ဂိုးနှင့်အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့တက်ရောက်ခဲ့သည်။
ပထမပိုင်းစတင်ချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက နည်းစနစ်ပိုင်းအသာစီးဖြင့်ကစားနိုင်ခဲ့ပြီး ပွဲစပြီး ၁၀ မိနစ်မှာပင် ဦးဆောင်ဂိုးရရှိခဲ့ပြီး တောင်ပံကစားသမား ဂျီဒီယွန်တက်တက် ကသွင်းယူပေးခဲ့သည်။ ချေပဂိုးပြန်လည်ရရှိရေးအတွက် တိုက်စစ်မြင့်တင်ခဲ့ရာ ပွဲချိန် ၁၅ မိနစ်တွင် ရန်ကုန်ယူနိုက်တက် ခံစစ်ကစားသမား ယာယာ က ပင်နယ်တီဧရိယာအတွင်း ဥပဒေပကျုးလွန်သဖြင့် ရတနာပုံအသင်းက ပင်နယ်တီရရှိခဲ့ပြီးကန်သွင်းခဲ့သော်လည်း ထိုပင်နယ်တီကို လွဲချော်သွားခဲ့သည်။ထို့နောက် ရတနာပုံအသင်းက ဆက်တိုက်တိုက်စစ်ဆင်ကစားခဲ့ပြီး မိနစ် ၂၀ တွင်ချေပဂိုးရရှိခဲ့ပြီး တိုက်စစ်မှုး စစ်မုန်းက သွင်းယူပေးခဲ့သည်။
ဒုတိယပိုင်းတွင် နှစ်ဖက်စလုံးက ဦးဆောင်ဂိုးမပေးရရေးအတွက် ဂရုစိုက်ကစားခဲ့ပြီးလူစာရင်းနှင့်နည်းစနစ်ပိုင်းသာလွန်သော ရန်ကုန်ယူနိုက်တက်အသင်းမှပိုမိုဖိအားပေးကစားနိုင်ခဲ့သည်။ ထို့နောက် တိုက်စစ်အင်အားပိုမိုတောင့်တင်းသည့် ရန်ကုန်ယူနိုက်အသင်း ဦးဆောင်ဂိုး ရရှိခဲ့ပြီး ပွဲချိန်မိနစ် (၆၉) တွင် တက်တက် ကသွင်းယူပေးခဲ့သည်။ ဦးဆောင်ဂိုးပေးခံရချိန်တွင် ရတနာပုံအသင်းက တိုက်စစ်မြှင့်တင်ခဲ့ကစားခဲ့သော်လည်း ၇၆ မိနစ်တွင် လူစားဝင်ကစားသမား ရန်ကျော်ထွေးက ရန်ကုန်ယူနိုက်တက်အသင်းအတွက် တတိယဦးဆောင်ဂိုးကိုထက်မံသွင်းယူပေးခဲ့ကာ (၃-၁) ရလဒ်ဖြင့် ရတနာပုံအသင်းကိုအနိုင်ယူပြီး 2024 MNL cup ဗိုလ်လုပွဲတွင် စောင့်ကြိုနေပြီဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဖရန့်ဘန်ဟတ်က “ ပထမပိုင်းမှာတုန်းကတော့ ကစားရတာအနည်းငယ်ခက်ခဲခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ပွဲကိုထိန်းချုပ်ပြီးကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်းကျွန်တော်အသင်းကအနိုင်နဲ့ထိုက်တန်လို့ထင်ပါတယ်” ဟုပြောကြားခဲ့သည်။
2024 MNL Cup ဗိုလ်လုပွဲကို ဇွန်လ ၁၉ ရက်နေ့တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး မနက်ဖြန် မေလ ၂၆ ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် ရှမ်းယူနိုက်တက်အသင်းနှင့် ဒဂုံစတားအသင်းတို့ပွဲစဉ်မှအနိုင်ရရှိသည့်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။