မြဝတီအသင်းကို ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားကို ဦးဆောင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

မြဝတီအသင်းကို ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားကို ဦးဆောင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

ယနေ့ ဇူလိုင်လ (၁၃) ရက် ညနေ ၃:၃၀ အချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် မြဝတီအသင်းတို့ YUSC ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကာ ရန်ကုန်ယူနိုက်တက်အသင်းက (၅-၀) ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပထမပိုင်းတွင် မနားတမ်းတိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲချိန် ၁၁ မိနစ်မှာပင် လူငယ်တိုက်စစ်ကစားသမား လမင်းထွေးမှ ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ဦးဆောင်ဂိုး ရရှိပြီး ၄ မိနစ်အကြာမှာတွင် ရန်ကုန်ယူနိုက်တက်အသင်း ထပ်မံ၍ ဦးဆောင်ဂိုးရရှိခဲ့ပြီး ဇော်ဝင်းသိန်း ကန်ချက်ကို ဂိုးသမားပုတ်ထုတ်ရာမှ ရန်နိုင်ဦး က အနီးကပ်သွင်းယူပေးခဲ့သည်။ ထို့နောက် ပထမပိုင်းပြီးခါနီး အချိန်ပို ၂ မိနစ်တွင် တိုက်စစ် ကစားသမား လမင်းထွေးမှ တတိယဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ကာ ပထမပိုင်းကို (၃-၀) ဂိုးဖြင့် ဦးဆောင်ထားခဲ့သည်။

ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်း၏ကစားပုံမှာ ပထမပိုင်းထက် ပိုကောင်းလာပြီး ပွဲချိန် ၅၂ မိနစ်တွင် ကွင်းလယ်ကစားသမား လှိုင်းဘိုဘို မှ လှပသောကန်ချက်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်း အတွက် စတုတ္ထဦးဆောင်ဂိုးကိုသွင်းယူနိုင်ခဲ့သည်။ ယနေ့ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းရဲ့ လူငယ်ကစားသမားများ ခြေစွမ်းပြသနိုင်ခဲ့ပြီး ပွဲချိန် (၈၃) မိနစ်တွင် ရန်နိုင်ဦး၏ ထောင့်ကန်ဘော ကန်တင်ပေးလိုက်ရာမှ တဆင့် လူငယ်ကစားသမား ဥက္ကာနိုင်မှ ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး ရန်ကုန်ယူနိုက်တက် အသင်းအတွက် ပဥ္စမမြောက်ဦးဆောင်ဂိုးကို ရရှိစေခဲ့သည်။ ထိုဂိုးပြတ် နိုင်ပွဲကြောင့် ရန်ကုန်ယူနိုက်တက် အသင်း သည် ပွဲစဉ် (၂) အပြီးတွင် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယားကို ဂိုးကွာခြားချက်အသာနှင့် ဦးဆောင်ထား နိုင်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဦးကျော်ဒွန်း က “လူငယ်တွေ အရမ်းကြိုးစားခဲ့ကြတဲ့အတွက် ဒီနေ့ရလဒ်အတွက် ကျေနပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂ ပွဲကစား၊ ၂ ပွဲနိုင်၊ ရမှတ် ၆ မှတ်ပြည့်နှင့် အမှတ်ပေးဇယား အဆင့် ၁ နေရာတွင် ရပ်တည်နေပြီး ပွဲစဉ် (၃) အဖြစ် လာမည့် ဇူလိုင်လ (၂၁) ရက်နေ့တွင် ဟံသာဝတီယူနိုက်တက် အသင်းနှင့် YUSC တွင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။