၂၀၂၃ ဘောလုံးရာသီကို အနိုင်ရလဒ်ဖြင့် ပိတ်သိမ်းခဲ့သည့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း

၂၀၂၃ ဘောလုံးရာသီကို အနိုင်ရလဒ်ဖြင့် ပိတ်သိမ်းခဲ့သည့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း

ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းသည် ယနေ့ယှဥ်ပြိုင်ကစားခဲ့သည့် ၂၀၂၃ မြန်မာအမျိုးသမီးလိဂ် နောက်ဆုံးပွဲစဥ်တွင် Sports & Education အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူပြီး ရမှတ် ၃ မှတ်အပြည့်ယူကာ ရာသီပိတ်သိမ်းခဲ့သည်။ ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းအတွက် သွင်းဂိုးများကို ယွန်းဝတီလှိုင်၊ ပန်းအိနွယ် နှင့် ဇင်မိုးပြည့် တို့က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ယနေ့ပွဲစဥ်တွင် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းသည် ၄-၂-၃-၁ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ပြီး ပန်းအိနွယ်၊ ဇင်မိုးပြည့်၊ ဆွေမာအောင်၊ ယွန်းဝတီလှိုင် တို့၏ တွဲလုံးများဖြင့် Sports & Education အသင်းကို မကြာခဏ ထိုးဖောက်တိုက်စစ်ဆင်ခဲ့သည်။ ပွဲချိန်ပထမပိုင်းအတွင် ရန်ကုန်ယူနိုက်တက်အသင်း၏ တိုက်စစ်ဆင်မှု ၃ ကြိမ်အထိ ဂိုးဘားတန်းထိခဲ့သောကြောင့် ဂိုးရရှိမည့် အခွင့်အရေးများနှင့် လွဲချော်ခဲ့ပြီး ဦးဆောင်ဂိုးကို ပွဲချိန် ၂၃ မိနစ်တွင် ယွန်းဝတီလှိုင် က သွင်းယူပေးခဲ့သည်။ ထို့နောက် ပွဲချိန် ၃၄ မိနစ်တွင် Sports & Education အသင်းမှ စန္နာလင်း က ချေပဂိုးသွင်းယူခဲ့သောကြောင့် ပထမပိုင်းပြီးဆုံးချိန်တွင် တဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။
ပွဲချိန်ဒုတိယပိုင်းတွင်လည်း ရန်ကုန်ယူနိုက်တက်အသင်း ဦးဆောင်ဂိုးများ ရရှိရန် ထပ်မံကြိုးစားခဲ့ပြီး ပွဲချိန် ၇၁ မိနစ်တွင် ပန်းအိနွယ်က ဒုတိယဂိုး၊ ပွဲချိန် ၈၃ မိနစ်တွင် ဇင်မိုးပြည့်က တတိယဂိုး သွင်းယူခဲ့သည်။ ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းက ၃ ဂိုး ၁ ဂိုးဖြင့် Sports & Education အသင်းကို အနိုင်ရရှိခဲ့ပြီး ရမှတ် ၃ မှတ် အရယူနိုင်ခဲ့သည်။
၂၀၂၃ မြန်မာအမျိုးသမီးလိဂ်ပွဲစဥ်အားလုံးပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းသည် ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၆ ပွဲရှုံး ရမှတ် ၁၀ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၄ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။