ဧရာဝတီအသင်းကစားပုံလေ့လာပြီး အကောင်းဆုံးယှဉ်ပြိုင်သွားမည်ဟု သူရိန်စိုး ဆို

ဧရာဝတီအသင်းကစားပုံလေ့လာပြီး အကောင်းဆုံးယှဉ်ပြိုင်သွားမည်ဟု သူရိန်စိုး ဆို

ရန်ကုန်ယူနိုက်တက်အသင်းနောက်ခံလူ သူရိန်စိုး က ဧရာဝတီအသင်းကစားပုံ လေ့လာပြီး အကောင်းဆုံး ယှဉ်ပြိုင်သွားမည်ဟု ပွဲမတိုင်မီတွင်ထုတ်ဖော် ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မနက်ဖြန် အောက်တိုဘာ ၂၆ ရက်နေ့၊ ညနေ ၄း၀၀ နာရီ၊ သုဝဏ္ဏကွင်းတွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
လာမည့်ပွဲအတွက် ပြင်ဆင်ထားမှုများနှင့် ပတ်သက်၍ သူရိန်စိုး က “စိတ်ဓာတ်တွေကိုအဓိကပြင်ရတာပေါ့နော်၊ အရင်ပွဲကအမှားတွေကို လာမယ့်ပွဲမှာ ထပ်မမှားအောင်၊ အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ထားပါတယ်။ စိတ်ဓာတ်တွေကိုပြင်ဆင်ပြီး ဧရာဝတီအသင်းကို အကောင်းဆုံးယှဉ်ပြိုင် သွားပါမယ်။” ဟု ဆိုသည်။
“ဧရာဝတီအသင်းကောင်းတစ်သင်းပါ၊ နည်းပြကောင်းရဲ့လက်အောက်မှာ အကောင်းဆုံးကစားနေတဲ့ အသင်းပေါ့နော်။ သူတို့လည်းကျွန်တော်တို့ ကစားထားတဲ့ပွဲတွေကို ကြည့်ပြီး ပြင်ဆင်ထားမှာပါပဲ၊ ကျွန်တော်တို့ကလည်း သူတို့ကစားပုံကိုလေ့လာပြီး ယှဉ်ပြိုင်သွားဖို့ပြင်ထားပါတယ်။” ဟု တစ်ဖက် ဧရာဝတီအသင်းအပေါ်မှတ်ချက်ပြုစကားဆိုခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၁၆ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၁၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၂ ပွဲရှုံး ရမှတ် ၃၈ မှတ်ဖြင့် အမှတ်ပေးဇယားဒုတိယနေရာတွင် ရပ်တည်နေပြီး ဧရာဝတီယူနိုက်တက်အသင်းသည် ၅ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၈ ပွဲရှုံး၊ ရမှတ် ၁၈ မှတ်နှင့် အဆင့် ၉ နေရာတွင် ရပ်တည်နေသည်။
“ပရိသတ်တွေအနေနဲ့လည်း အရင်ပွဲနဲ့ပတ်သက်ပြီး အားမရကြဘူးဆိုတာ သိပါတယ်၊ ကျွန်တော်တို့ ကိုယ်တိုင်လည်း အရင်ပွဲမှာ မကောင်းခဲ့ဘူးဆိုတာ သိပါတယ်။ ဒီအမှားတွေကိုပြင်ပြီး ယှဉ်ပြိုင်သွားကြမှာမလို့ အားပေးကြ ပါဦးလို့ ပြောချင်ပါတယ်။” ဟု ပရိသတ်များလာရောက်အားပေးနိုင်ရန် ဖိတ်ခေါ်စကားဆိုခဲ့သည်။