ဧရာဝတီယူနိုက်တက်ကို အနိုင်ယူပြီး ရမှတ် ၃ မှတ် ရယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

ဧရာဝတီယူနိုက်တက်ကို အနိုင်ယူပြီး ရမှတ် ၃ မှတ် ရယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

ယနေ့ညနေက သုဝဏ္ဏကွင်းတွင် ယှဥ်ပြိုင်ကစားခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဥ်-၁၈ တွင် ရန်ကုန်ယူနိုက်တက် အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရမှတ် ၃ မှတ် ရယူနိုင်ခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကို လှိုင်းဘိုဘိုနှင့်လမင်းထွေး တို့က သွင်းယူပေးခဲ့ပြီး ဧရာဝတီအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ညီညီအောင် က ပင်နယ်တီမှတဆင့် သွင်းယူပေးခဲ့သည်။
ယနေ့ပွဲစဥ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲထွက်ကစားသမားတစ်ချို့ အပြောင်းအလဲပြုလုပ်ခဲ့ပြီး လူငယ် ကစားသမားဖြစ်သည့် လမင်းထွေး ပွဲထွက်ကစားသမားစာရင်းတွင် ပါဝင်လာခဲ့သည်။ ပွဲစသည်နှင့် ဧရာဝတီယူနိုက် တက်အသင်းကို တိုက်စစ်ဆင်ရန် ကြိုးစားခဲ့ပြီး ပွဲချိန် ၁၄ မိနစ်တွင် လှိုင်းဘိုဘို က လမင်းထွေး ချထားပေးမှုကနေ အဆုံးသတ်ကန်သွင်းယူပြီး ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သည်။ ထို့နောက် ၁ မိနစ်အကြာ ပွဲချိန် ၁၅ မိနစ်တွင် လမင်းထွေး ၂ ဆင့် ဂိုးကန်သွင်းခဲ့သော်လည်း ဧရာဝတီယူနိုက်တက်အသင်း ဂိုးသမား ကာကွယ်နိုင်ခဲ့သလို ပွဲချိန် ၁၉ မိနစ်နှင့် ၃၃ မိနစ်တွင် ဆီလာနှင့်‌ ဇော်ဝင်းသိန်း တို့၏ ဂိုးကန်သွင်းချက်များကို လည်း ကာကွယ်နိုင်ခဲ့သောကြောင့် ပထမပိုင်းပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ချိန် ပွဲချိန် ၄၅ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း နောက်ခံလူ ဟိန်းဇေယျာလင်း တဖက်အသင်းတိုက်စစ်ဆင်မှုကို ဖြတ်ထုတ် ရာမှတဆင့် လက်နှင့်ထိခဲ့သောကြောင့် ဧရာဝတီယူနိုက်တက်အသင်း ကို ပင်နယ်တီ ပြစ်ဒဏ်ဘော ခွင့်ပြုခဲ့ရသည်။ အဆိုပါ ပင်နယ်တီကို ညီညီအောင် က ကန်သွင်းကာ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သော်လည်း ပွဲချိန် ၆၁ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း တစ်ဖန်ပြန်လည် ဦးဆောင်နိုင်ခဲ့သည်။ အဆိုပါဂိုးကို လမင်းထွေး က ကန်သွင်းခဲ့ပြီး ဇော်ဝင်းသိန်း ကန်တင်ပေးသည့် ထောင့်ကန် ဘောကို ဧရာဝတီယူနိုက်တက်အသင်းနောက်တန်း ဖြတ်ထုတ်ရာမှ လျှံကျလာသည့် ဘောလုံးမှတဆင့် ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ယနေ့ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ဂိုးကန်သွင်းခွင့် အခွင့်အရေးများ ရရှိခဲ့သော်လည်း အဆုံးသတ်ပိုင်း အားနည်းခဲ့သောကြောင့် ပွဲပြီးဆုံးချိန်တွင် ဧရာဝတီယူနိုက်တက်အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဂတ်ဇီက“ပွဲတိုင်းကတော့ မျှော်လင့်ထားတဲ့အတိုင်းခက်ခဲပါတယ်.အထူးသဖြင့်ဒီပွဲပေါ့။ တစ်ဖက်အသင်းက လူငယ်တွေနဲ့ဖွဲ့ထား အသင်းဖြစ်တဲ့အပြင် သေချာလည်း ကစားတတ်ကြပါတယ်။ ရန်ကုန်အသင်းနဲ့တွေ့ရင် နှစ်ဆပိုကောင်းအောင် ကစားကြတယ်။ ပွဲကိုသေချာကစားနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။နောက်ပိုင်း အသင်းက ပိုကောင်းလာတဲ့အပြင် အခွင့်ရေးကောင်းတွေကိုပါ ဖန်တီးနိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဥ် ၁၇ ပွဲ ယှဥ်ပြိုင်ကစားပြီးချိန်တွင် ၁၃ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး ရမှတ် ၄၁ မှတ်ဖြင့် အမှတ်ပေးဇယားဒုတိယနေရာတွင် ဆက်လက်ရပ်တည်နေပြီး လာမယ့် နိုဝင် ဘာလ ၁ ရက် Yangon United Sports Complex တွင် ရတနာပုံအသင်းနှင့် မြန်မာနေရှင်နယ်လိဂ် ပွဲစဥ် ၁၉ ကို ဆက်လက်ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။