အုပ်စုနောက်ဆုံးပွဲစဉ်ကို အနိုင်နှင့်သိမ်းပြီး ဆီးမီးဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း

အုပ်စုနောက်ဆုံးပွဲစဉ်ကို အနိုင်နှင့်သိမ်းပြီး ဆီးမီးဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း

2024 MNL league cup ပြိုင်ပွဲ၊ ရန်ကုန်ယူနိုက်တက်အသင်း၏အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မဟာယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်းက ၃-၁ ဂိုးနှင့် မဟာအသင်းကိုအနိုင်ယူပြီး အုပ်စုပွဲစဉ်များတွင်ရာနှုန်းပြည့်နိုင်ပွဲများဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ရန်ကုန်အသင်းအတွက်အနိုင်ဂိုးများကို ဥက္ကာနိုင်၊ ရန်နိုင်ဦး နှင့် ဇော်ဝင်းသိန်း တို့ကသွင်းယူခဲ့ပြီး မဟာအသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကို အဲလာအီဒူဘတ် က ပင်နယ်တီမှတဆင့် သွင်းယူပေးခဲ့သည်။
ကစားသမား အပြောင်းအလဲများဖြင့် ပွဲထွက်လာခဲ့ပြီး လူငယ်ကစားသမား ဥက္ကာနိုင်ကိုအထောင်တိုက်စစ်နေရာတွင်ထားကစားခဲ့သည်။ ပွဲစပြီး
၄မိနစ်အကြာတွင် ဥက္ကာနိုင်က တဖက်အသင်းရဲ့ အထနှေးမှုကို အခွင့်ကောင်းယူပြီး ဦးဆောင်ဂိုးကို လျှင်လျှင်မြန်မြန်ရယူနိုင်ခဲ့သည်။ ပွဲစဉ် ၂၅ မိနစ်တွင် မဟာယူနိုက်တက်အသင်း ကစားသမား ထက်ဇော်ထွန်း ရဲ့ဖြတ်တင်ဘောသည် ရန်ကုန်ယူနိုက်တက် နောက်ခံလူ ဟိန်းဇေယျာလင်းရဲ့လက်ဖြင့်ထိခဲ့၍ ဒိုင်လူကြီးက ပင်နယ်တီပြစ်ဒဏ်ဘောပေးခဲ့ပြီး ထိုပင်နယ်တီကို အဲလာအီဒူဘတ်က သွင်းယူပေးခဲ့ကာ မဟာယူနိုက်တက်အသင်း ချေပဂိုးရရှိခဲ့သည်။ ချေပဂိုးပေးခဲ့ရပြီးနောက် Yangon united အသင်းက လျှင်မြန်စွာတိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲချိန် ၃၃ မိနစ်မှာ ဥက္ကာနိုင်ရဲ့ အကွက်မြင်ပေးပို့မှုမှတဆင့် ဝါရင့်ကစားသမား ရန်နိုင်ဦးက ရန်ကုန်ယူနိုက်တက် အသင်းအတွက် ဦးဆောင်ဂိုးပြန်လည်သွင်းယူပေးခဲ့ပြီး ပထမပိုင်းတွင် ရန်ကုန်ယူနိုက်တက် အသင်းက ၂-၁ ဂိုးဖြင့် မဟာယူနိုက်တက် အသင်းကို ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်းတွင် ဟိန်းဇေယျာမင်း နှင့် အောင်မျိုးခန့် တို့အစား ဇော်ဝင်းသိန်းနှင့် ဂျီဒီယွန်တက်တက် တို့ဝင်ရောက်ကစားခဲ့သည်။ ပြိုင်ဘက် မဟာယူနိုက်တက် အသင်းလည်း ပြင်ဆင်မှုအချို့ပြုလုပ်ခဲ့ပြီး ချေပဂိုးနှင့်အနိုင်ဂိုးများရရှိရေးအတွက် ရန်ကုန်ယူနိုက်တက် အသင်းကိုတိုက်စစ်ဆင်ဖိအားပေး ကစားခဲ့သည်။ ပွဲချိန် ၆၆ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမားဇော်ဝင်းသိန်းက တစ်ဖက်နောက်တန်း၏ လူကျွံထောင်ခြောက်ကို ကျော်ဖြတ်ကာ ရန်ကုန်ယူနိုက်တက် အသင်းအတွက် တတိယဦးဆောင်ဂိုးကိုသွင်းယူပေးခဲ့သည်။ တတိယဂိုးရရှိပြီးနောက် ရန်ကုန်ယူနိုက်တက် အသင်းသည် တိုက်စစ်ဆင်ကစားခဲ့ပြီး ဂိုးကန်သွင်းခွင့်တွေရရှိခဲ့သော်လည်း အဆုံးသတ်အမှားအချို့ကြောင့် သွင်းဂိုးများကို ဆက်လက်မြင်တွေ့ခွင့်မရတော့ဘဲ (၃-၁) ဂိုးရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဖရန့်ဘန်ဟတ် က “ ပထမပိုင်းကတော့ ကစားပုံအဆင်ပြေခဲ့ပါတယ်။ ပွဲကိုလည်းထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းကိုတော့ အမှားတစ်ချို့တွေရှိတာကြောင့် သိပ်ပြီးကျေနပ်အားရမှုမရှိပါဘူး ” ဟုပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် အုပ်စု (က) တွင် ရှုံးပွဲမရှိ၊ ရမှတ် ၂၄ မှတ်ပြည့်နှင့် ဆီးမီးဖိုင်နယ်သို့တက်လှမ်းနိုင်ခဲ့ပြီး နောက်တစ်ဆင့်ဖြစ်သည့် ဆီးမီးဖိုင်နယ်ပွဲတွင် အုပ်စု (ဃ) မှတက်ရောက်လာသည့်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။