အသင်း၏အကောင်းဆုံးပုံစံအတိုင်း ပြိုင်ဘက်ကို ယှဉ်ပြိုင်သွားမည်ဟု ဇော်ဝင်းသိန်း ဆို

အသင်း၏အကောင်းဆုံးပုံစံအတိုင်း ပြိုင်ဘက်ကို ယှဉ်ပြိုင်သွားမည်ဟု ဇော်ဝင်းသိန်း ဆို

မြန်မာ့လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ် ဇော်ဝင်းသိန်း က လာမည့် ဒဂုံစတားယူနိုက်တက် အသင်းနှင့် ပွဲစဉ်တွင် အသင်း၏အကောင်းဆုံးပုံစံအတိုင်း ပြိုင်ဘက်ကိုယှဉ်ပြိုင်သွားမည် ဟု ပြောကြားခဲ့သည်။
ဇော်ဝင်းသိန်း က “လက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံတကာ ပွဲစဉ်တွေ ယှဉ်ပြိုင်နေရတာဖြစ်တဲ့အတွက် အသင်းနဲ့လည်း ကင်းကွာနေတာ နည်းနည်းကြာသွားတာ ရှိပါတယ်။ ဒါကြောင့် အခုလာမယ့်ပွဲစဉ်တွေအတွက် ပြင်ဆင်ထားတဲ့ အသင်းရဲ့ပုံစံအတိုင်း အံဝင်အောင် သေချာကစားသွားပါမယ်။” ဟု ပြင်ဆင်ထားမှုများကို ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ဒဂုံစတားယူနိုက်တက်အသင်းကို လာမည့် အောက်တိုဘာလ ၂၂ ရက်နေ့၊ ညနေ ၃း၃၀ နာရီ၊ Yangon United Sports Complex တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
“အခုယှဉ်ပြိုင်ရမယ့် ဒဂုံအသင်းကိုလည်း ကိုယ့်ရဲ့ပြိုင်ဘက်ကောင်းတစ်သင်းအနေနဲ့ သေချာပြင်ဆင်ပြီး ယှဉ်ပြိုင်သွားပါမယ်။ ဒါ့အပြင် တနင်္ဂနွေပိတ်ရက်ဆိုတော့ ပရိသတ်တွေလည်း ကွင်းထဲထိကိုယ်တိုင် လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ လာရောက်အားမပေးနိုင်တဲ့ ပရိသတ်တွေလည်း Myanmar National League YouTube Channel ကနေအားပေးလို့ရပါတယ်။ ကျွန်တော်တို့အသင်းသားတွေအားလုံးလည်း အနိုင်ရလဒ်ရရှိအောင် ယှဉ်ပြိုင်ကစားသွားပါမယ်။” ဟု ၎င်းက ဆိုသည်။
ပွဲစဉ် ၁၅ အပြီးတွင် ရန်ကုန်ယူနိုက်တက် အသင်းသည် ၁၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၃၇ မှတ်နှင့် အဆင့် ၂ နေရာတွင် ရပ်တည်နေပြီး ဒဂုံစတားယူနိုက်တက်အသင်းသည် ၅ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၇ ပွဲရှုံး၊ ရမှတ် ၁၈ မှတ်နှင့် အဆင့် ၇ နေရာတွင်ရပ်တည်နေသည်။