အကောင်းဆုံးယှဉ်ပြိုင်ပြီး အနိုင်သုံးမှတ်ပြည့်ယူသွားမည်ဟု မင်းကျော်ခန့်ပြောကြား

အကောင်းဆုံးယှဉ်ပြိုင်ပြီး အနိုင်သုံးမှတ်ပြည့်ယူသွားမည်ဟု မင်းကျော်ခန့်ပြောကြား

ရန်ကုန်ယူနိုက်တက်အသင်းနောက်ခံလူ မင်းကျော်ခန့် က လာမည့်ကချင်ယူနိုက်တက်အသင်းနှင့် ပွဲစဉ်တွင် အကောင်းဆုံးယှဉ်ပြိုင်ပြီး အနိုင်သုံးမှတ်ပြည့်ယူသွားမည်ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ဩဂုတ်လ ၇ ရက်နေ့၊ ညနေ ၃:၃၀ နာရီ၊ YUSC ကွင်းတွင် ကချင်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မင်းကျော်ခန့် က “ကျွန်တော်တို့အသင်းက ကချင်နဲ့ပွဲမှမဟုတ်ပါဘူး၊ ပွဲတိုင်းပွဲတိုင်းကို သေချာပြင်ဆင်နေပါတယ်။ နည်းပြအပြောင်းအလဲရှိတဲ့အတွက် ပြင်ဆင်ချိန်တော့ သိပ်မရလိုက်ပါဘူး။ ဒါပေမယ့် အကောင်းဆုံးပြင်ဆင် ထားပါတယ်။” ဟု ပွဲကြိုပြင်ဆင်ထားမှုကိုပြောကြားခဲ့သည်။
ကချင်ယူနိုက်တက်အသင်းနှင့် ပထမအကျော့တွေ့ဆုံမှုတွင် ရန်ကုန်ယူနိုက်တက်အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရရှိထားခဲ့သည်။
“နည်းပြအသစ်ရောက်လာတဲ့အချိန်မှာ အသင်းရဲ့စွမ်းဆောင်မှုပိုင်း တိုးတက်လာတာတွေ့ရပါတယ်။ နိုင်ငံခြားနည်းပြ ဆိုတဲ့အတွက် အသင်းသားတွေက ပိုပြီးအာရုံစိုက်ပြီးလိုက်လုပ်ကြပါတယ်။ ကချင်အသင်းကတော့ လျော့တွက်လို့မရတဲ့အထဲမှာပါပါတယ်။ အသင်းကောင်းတစ်သင်းဖြစ်တဲ့အတွက် အကောင်းဆုံးယှဉ်ပြိုင်ပြီး အနိုင်သုံးမှတ်ရအောင်ယူသွားပါမယ်။” ဟု ၎င်း က ဆိုသည်။
ဆက်လက်ပြီး မင်းကျော်ခန့် က “ပွဲတိုင်းကိုလာရောက်အားပေးကြပါ၊ ကျွန်တော်တို့လည်းအကောင်းဆုံး ယှဉ်ပြိုင်သွားပါမယ်” ဟု ပရိသတ်များကို ဖိတ်ခေါ်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ဒုတိယနေရာတွင် ၁၄ ပွဲကစား၊ ၁၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ်၃၄ မှတ်ရရှိထားပြီး ကချင်ယူနိုက်တက်အသင်းသည် ၁၄ ပွဲကစား၊ ၂ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၈ ပွဲရှုံး၊ ရမှတ် ၁၀ မှတ်နှင့် အဆင့် ၁၁ နေရာတွင်ရပ်တည်နေသည်။