အကောင်းဆုံးပုံစံနှင့် ယှဉ်ပြိုင်သွားမည်ဟု ဒေးဗစ်ထန်း ဆို

အကောင်းဆုံးပုံစံနှင့် ယှဉ်ပြိုင်သွားမည်ဟု ဒေးဗစ်ထန်း ဆို

ရန်ကုန်ယူနိုက်တက်အသင်းခေါင်းဆောင် ဒေးဗစ်ထန်းက လာမည့်ရခိုင်ယူနိုက်တက်အသင်းနှင့်ပွဲစဉ်တွင် အကောင်းဆုံးပုံစံနှင့် ယှဉ်ပြိုင်သွားမည်ဟု ပွဲမတိုင်မီတွင် ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်-၁၄ အဖြစ် ရခိုင်ယူနိုက်တက်အသင်းနှင့် သုဝဏ္ဏကွင်းတွင် ညနေ ၄း၀၀ နာရီ၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ရခိုင်နှင့် ပွဲအတွက် ပွဲကြိုပြင်ဆင်မှုများကို ဒေးဗစ်ထန်း က ယခုလိုပြောကြားခဲ့သည်။ ““မြဝတီနဲ့ပွဲမှာရမှတ်ဆုံးရှုံးထားတဲ့အတွက် လာမယ့်ပွဲအတွက် စိတ်ပိုင်းဆိုင်ရာအနေနဲ့ ပြုပြင်ပြောင်းလဲ ထားပါတယ်။ အကောင်းဆုံးပြင်ဆင်ပြီး ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။”
တစ်ဖက်အသင်းနှင့်ပတ်သက်၍“ရခိုင်ကလည်း အသင်းကောင်းတစ်သင်း ဖြစ်တဲ့အပြင် ကစားသမားကောင်းတွေနဲ့ တည်ဆောက်ထားတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ သူတို့ပြိုင်ခဲ့တဲ့ပွဲတွေ လည်း လေ့လာကြည့်မိတော့ သေချာပြင်ဆင်ပြီး ယှဉ်ပြိုင်ရမယ့်အသင်းတစ်သင်း ဖြစ်ပါတယ် ” ဟု၎င်းက ဆိုသည်။
ဆက်လက်၍ ဒေးဗစ်ထန်း က “ပရိသတ်တွေလည်း လာရောက်အားပေးကြဖို့ပြောချင်ပါတယ်။ အကောင်းဆုံးပုံစံနဲ့ယှဉ်ပြိုင်သွားပါမယ်” ဟု ပြောကြားခဲ့သည်။
ပွဲစဉ် ၁၃ ကစားပြီးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၁၀ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ရှုံး၊ ရမှတ် ၃၁ မှတ် နှင့် အဆင့် ၂ နေရာတွင်ရပ်တည်နေပြီး ရခိုင်ယူနိုက်တက်အသင်းသည် ၄ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၅ ပွဲရှုံး၊ ရမှတ် ၁၆ မှတ်နှင့် အဆင့် ၇ နေရာတွင်ရပ်တည်နေသည်။