ဟံသာဝတီယူနိုက်တက်အသင်း နောက်ခံလူ ရဲလင်းထက်ကို တစ်ရာသီခွဲစာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက် အသင်းခေါ်ယူ

ဟံသာဝတီယူနိုက်တက်အသင်း နောက်ခံလူ ရဲလင်းထက်ကို တစ်ရာသီခွဲစာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက် အသင်းခေါ်ယူ

ရန်ကုန်ယူနိုက်တက်အသင်းသည် AFC Cup နှင့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များအတွက်ပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းနောက်ခံလူ ရဲလင်းထက်ကို ၂၀၂၅ ရာသီကုန်ထိ စာချုပ်ချုပ်ဆိုခေါ်ယူခဲ့သည်။
နေပြည်တော်၊ ပျဉ်းမနားဇာတိဖြစ်သည့် ရဲလင်းထက်သည် မန္တလေးဘောလုံး အကယ်ဒမီထွက်တစ်ယောက်ဖြစ်ပြီး ၂၀၁၃ မှစတင်ကာ ၂၀၁၅ ထိ ဘောလုံးပညာကိုသင်ယူခဲ့သည်။ထို့နောက် ၂၀၁၆ ခုနှစ်တွင် ဧရာဝတီ ယူနိုက်တက် လူငယ်အသင်းသို့ရောက်ရှိခဲ့ပြီး ၁ နှစ်ကြာကစားခဲ့သည်။ ၂၀၁၇ တွင် ရတနာပုံအသင်းသို့ရောက်ရှိလာကာ လူငယ်အသင်းနှင့် အကြီးသင်းတွင် ခြေစွမ်းပြကစားနိုင်ခဲ့သည့် လူငယ်တစ်ဦးဖြစ်သည်။ ညာသန်တစ်ဦး ဖြစ်သည့် ရဲလင်းထက်သည် ၂၀၁၉ ခုနှစ်တွင် ဧရာဝတီယူနိုက်တက်အသင်းသို့ တကျော့ပြန် ပြန်လည်ရောက်ရှိခြေစွမ်းပြခဲ့ပြီးနောက် ဟံသာဝတီယူနိုက်တက် အသင်းသို့ ၂၀၂၁ ခုနှစ်တွင်ပြောင်းရွှေ့ခဲ့သည်။
သက်တမ်းအလိုက်လူငယ်လက်ရွေးစင်အဖြစ်တောက်လျှောက်ရွေးချယ်ခံခဲ့ရသည့် ရဲလင်းထက်သည် မြန်မာ့လက်ရွေးစင် ယူ-၁၉ တွင်စတင် ရွေးချယ်ခံခဲ့ရပြီး အသင်းနှင့်အတူ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် 2018 AFF U-19 Youth Championship ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည်။ ထို့နောက် ယူ-၂၂၊ ယူ-၂၃ နှင့် မြန်မာ့လက်ရွေးစင်အသင်းကြီးတွင် ရွေးချယ်ခံရသည့် အားထားရသည့်လူငယ်တစ်ဦးဖြစ်သည်။
အရပ် ၅ ပေ ၁၁ လက်မရှိပြီး ညာတောင်ပံ၊ ကွင်းလယ်ခံစစ်နေရာတွင် ကစားနိုင်သည့် ရဲလင်းထက် က “ရန်ကုန်ယူနိုက်တက်အသင်းက ခေါ်ယူတဲ့အတွက် တကယ်ကိုဝမ်းသာပါတယ်။ အသင်းအတွက်လည်း အကောင်းဆုံး ကြိုးစားပေးသွားပါမယ်။ ဒါ့အပြင် AFC ဝင်ပြိုင်မယ့်အသင်းမှာ ကန်ချင်တာ ကစားသမားတိုင်းရဲ့ အိမ်မက်ပါ။ အဲ့ဒီအတွက်လည်း အသင်းကခေါ်ယူပေးတဲ့အတွက် အသင်းဥက္ကဌနဲ့ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ပါတယ်။ ရန်ကုန်အသင်းကိုအားပေးနေတဲ့ ပရိသတ်တွေလည်း အားပေးကြပါဦး၊ ကျွန်တော်လည်း အသင်းပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားသွားပါမယ်” ဟု ဝမ်းသာပီတိစကားပြောကြားခဲ့သည်။