ဟံသာဝတီကို အနိုင်ယူပြီး ရမှတ် ၃ မှတ် ရယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

ဟံသာဝတီကို အနိုင်ယူပြီး ရမှတ် ၃ မှတ် ရယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပွဲစဥ် ၂၀ အဖြစ် ဟံသာဝတီယူနိုက်တက် အသင်းနှင့် သုဝဏ္ဏကွင်းတွင် ယှဥ်ပြိုင်ကစားခဲ့ရာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကို ဇာနည်ထက် နှင့် ဇော်ဝင်သိန်း တို့က သွင်းယူခဲ့ပြီး ဟံသာဝတီယူနိုက်တက် အသင်း၏ သွင်းဂိုးကို ဇင်မင်းထွန်းမှ ပင်နယ်တီမှတဆင့် သွင်းယူခဲ့သည်။
ယနေ့ပွဲစဥ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် လူငယ်ကစားသမားများ ဖြစ်သည့် ဇင်ကိုထက်၊ ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ လမင်းထွေး တို့၏ စုဖွဲ့မှုနှင့်အတူ ပြည်တွင်းကစားသမားများဖြင့် ပွဲထွက်လာခဲ့သည်။ ပွဲအစ ၄ မိနစ်တွင် ဟံသာဝတီအသင်း ရန်ကုန်ယူနိုက်တက်အသင်း နောက်တန်းကို ဖောက်ထွက်ပြီး အခွင့်အရေး ရခဲ့သော်လည်း ဂိုးပေါက်လွဲချော်ခဲ့သည်။ ပွဲချိန် ၂၆ မိနစ်တွင် ဟံသာဝတီယူနိုက်တက်အသင်း ပင်နယ်တီ ပြစ်ဒဏ်ဘော ရရှိ ခဲ့ပြီး ဇင်မင်းထွန်း က ကန်သွင်းကာ အဖွင့်ဂိုးရရှိခဲ့သည်။ သို့သော် ရန်ကုန် ယူနိုက်တက်အသင်းက ပွဲချိန် ၄၁ မိနစ် တွင် ချေပဂိုး ပြန်လည်သွင်းယူခဲ့ပြီး သူရိန်စိုး ခင်းပေးသည့် ဘောလုံးကို ဇာနည်ထက် က ဂိုးသွင်းယူပေးခဲ့ သောကြောင့် ပထမပိုင်းပြီးဆုံးချိန်တွင် ၁-၁ ဂိုးဖြင့် သရေ ရလဒ်ထွက်ပေါ် နေခဲ့သည်။
ပွဲချိန်ဒုတိယပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်း ပထမပိုင်း ပွဲကစားချိန်ထက် ကစားပုံပိုမိုကောင်းမွန်လာခဲ့ပြီး ပွဲချိန် ၆၃ မိနစ်တွင် ဒုတိယဦးဆောင်ဂိုး ရရှိခဲ့သည်။ အဆိုပါသွင်းဂိုးကို ရန်ကျော်ထွေး ၏ ချထားပေးမှုကနေ ဇော်ဝင်းသိန်း က ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ ထို့နောက် ပွဲချိန် ၈၄ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ထိရောက်သည့် တိုက်စစ်ဆင်မှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့သည့်အပြင် ပွဲချိန် ၈၈ မိနစ်တွင်လည်း ဇော်ဝင်းသိန်း ဖြတ်တင် ပေးပို့ မှုကနေ ဥက္ကာနိုင် ခေါင်းတိုက်ချက်ကောင်းခဲ့ပေမယ့် ဟံသာဝတီ ယူနိုက်တက်အသင်း ဂိုးသမား ကာကွယ်နိုင်ခဲ့ သည်။ လက်ကျန်မိနစ်များတွင် နှစ်ဖက် အကြိတ်အနယ်ရှိခဲ့သော်လည်း ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိသဖြင့် ပွဲပြီးဆုံးချိန်တွင် ရန်ကုန် ယူနိုက်တက်အသင်း က ၂-၁ ဂိုးဖြင့် ဟံသာဝတီ ယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဂတ်ဇီ က “တကယ်ကို ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ပွဲကို နောက်ပိုင်းမိနစ်တွေကျမှ သေချာကစားနိုင်ခဲ့ပါတယ်၊ ဒါကြောင့် ပထမပိုင်းအပြီး နောက် Formation ပြောင်းလိုက်တဲ့အချိန်မှာ အသင်းကပိုကောင်းလာခဲ့တာကြောင့် အနိုင်ရရှိခဲ့ တာပါ” ဟုပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဥ် ၁၉ ပွဲ ယှဉ်ပြိုင်ပြီးချိန်တွင် ၁၅ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး ရမှတ် ၄၇ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၂ နေရာတွင် ဆက်လက်ရပ်တည်နေပြီး လာမည့် ဒီဇင်ဘာလ ၁ ရက်တွင် အား/ကာသိပ္ပံအသင်းနှင့် မြန်မာနေရှင်နယ်လိဂ် ပွဲစဥ် -၂၁ ကို YUSC တွင် ဆက်လက် ယှဥ်ပြိုင်ရမည်ဖြစ်သည်။