ရွှေပြည်သာယူနိုက်တက်အသင်းကို ၃-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း

ရွှေပြည်သာယူနိုက်တက်အသင်းကို ၃-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း

Myanmar National League Cup 2024 ပြိုင်ပွဲအုပ်စု ဒုတိယအကျော့ပွဲစဉ်အဖြစ် ရွှေပြည်သာယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယနေ့ညနေ ၄း၀၀ နာရီက Yangon United Sports Complex တွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်းက ၃-၀ ဂိုးနှင့် အနိုင်ရရှိခဲ့သည်။ ရန်နိုင်ဦး၊ ဇင်ကိုထက်နှင့် ဉာဏ်လင်းထက် တို့ကသွင်းယူပေးခဲ့သည်။
ယနေ့ပွဲစဉ်တွင် ၄-၂-၃-၁ ကစားကွက်ဖြင့်ပွဲထွက်လာခဲ့ပြီး ဂိုးသမားနေရာတွင် သူရကျော် ပထမဦးဆုံး ပွဲထွက်ကစားသမားစာရင်းတွင် ပါဝင်လာခဲ့ပြီး ကစားသမားအပြောင်းအလဲအချို့ပြုလုပ်မှုများဖြင့် တစ်ဖက်အသင်းကို ယှဉ်ပြိုင်ကစားခဲ့သည်။
ရန်ကုန်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁၅ မိနစ်တွင် ရရှိသည့်ပြစ်ဒဏ်ဘောမှတဆင့် ရန်နိုင်ဦး က ဂိုးသမား ဘယ်ထောင့်သို့ တိုက်ရိုက် ကန်သွင်းယူခဲ့သည်။ ဆက်တိုက်ရန်ကုန်အသင်း ဂိုးကန်သွင်းခွင့်များရရှိခဲ့သော်လည်း အနည်းငယ်လွဲချော်မှုများကြောင့် ဂိုးရရှိမှုမရှိခဲ့ပေ။ ၄၅ မိနစ်အပြီး နာကျင်အချိန်ပို ၂ မိနစ်တွင် ရန်ကုန်အသင်း ပြစ်ဒဏ်ဘောရရှိခဲ့ပြီး ဇင်ကိုထက် က တိုက်ရိုက် ဂိုးသမားဘယ်ထောင့်အပေါ်သို့ကန်သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် ၂-၀ ဂိုးဖြင့် ရွှေပြည်သာယူနိုက်တက်အသင်းကို ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်းတွင် ဆန်နိုဂို၊ ဒေးဗစ်ထန်း၊ ဟိန်းဇေယျာမင်း အစား လမင်းထွေး၊ ဟိန်းဇေယျာမင်း၊ သူရိန်စိုး တို့ဝင်ရောက် ကစားခဲ့သည်။ ရန်ကုန်အသင်းအတွက် တတိယဦးဆောင်ဂိုးကို ဂျီဒီယွန်တက်တက်အစား လူစားဝင်ရောက်သည့် ဉာဏ်လင်းထက် က အောင်မျိုးခန့်၏ ပေးပို့မှုကို အကောင်းဆုံးအသုံးချပြီး ဘယ်ခြမ်းမှကန်သွင်းယူနိုင်ခဲ့သည်။ ရန်ကုန်အသင်း အခွင့်အရေးများ ရရှိခဲ့သော်လည်း အဆုံးသတ် အားနည်းမှုကြောင့် တစ်ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ရွှေပြည်သာအသင်းကို ၃-၀ ဂိုးနှင့် အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ်ဖရန့်ဘန်ဟတ် က “ဒီနေ့ကစားသမားတော်တော်များများကို အခွင့်အရေးပေးကစားခိုင်းခဲ့ပါတယ်။ ရလဒ်ကတော့အဆင်ပြေပါတယ်” ဟုပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် Myanmar National League Cup ပွဲစဥ် ၅ ပွဲ ယှဥ်ပြိုင်ကစားပြီးချိန်တွင် ၅ ပွဲစလုံး အနိုင်ရရှိထားကာ ရမှတ် ၁၅ မှတ်ဖြင့် အုပ်စုကို ဦးဆောင်ထားနိုင်ခဲ့ပြီး မေလ ၁ ရက်တွင် တက္ကသိုလ်အသင်းနှင့် သုဝဏ္ဏကွင်းတွင် ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။