ရန်ကုန်အသင်းက ၁-၄ ဂိုးနှင့် တက္ကသိုလ်အသင်းကို အနိုင်ရရှိခဲ့သည်။

ရန်ကုန်အသင်းက ၁-၄ ဂိုးနှင့် တက္ကသိုလ်အသင်းကို အနိုင်ရရှိခဲ့သည်။

တက္ကသိုလ်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်ကို ယနေ့ညနေ ၄ နာရီက သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်းက ၁-၄ ဂိုးနှင့် တက္ကသိုလ်အသင်းကို အနိုင်ရရှိခဲ့သည်။ ရန်ကုန်အသင်းအတွက် ဂျီဒီယွန်တက်တက် ၁ ဂိုးနှင့် ရန်ကျော်ထွေး ၃ ဂိုးသွင်းယူပေးခဲ့ကြသည်။
ဂိုးသမားနေရာတွင် ဆန်းဆက်နိုင် ပြန်လည်ပွဲထွက်လာခဲ့ပြီး ဂျီဒီယွန်တက်တက် ကို အထောင်တိုက်စစ်နေရာတွင် ထည့်သွင်းအသုံးပြုခဲ့သည်။ ရန်ကုန်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၈ မိနစ်တွင် အောင်မျိုးခန့်၏ အနီးကပ်ပေးပို့မှုမှတဆင့် ဂျီဒီယွန်တက်တက် က ၁၈ ကိုက်ထိပ်မှ အပြင်းကန်သွင်းယူပေးခဲ့သည်။ ထို့နောက် ပွဲချိန် ၁၉ မိနစ်တွင် တက္ကသိုလ်အသင်းအတွက် ချေပဂိုးကို အောင်မြင့်မြတ်ကပြန်လည် သွင်းယူပေးခဲ့သည်။ ဦးဆောင်ဂိုးထပ်မံရရှိရေးအတွက် ရန်ကုန်အသင်း ဂိုးကန်သွင်းမှုများရှိခဲ့သော်လည်း အနည်းငယ်လွဲချော်မှုများနှင့် ပထမပိုင်းကို ၁-၁ ရလဒ်နှင့်သာအဆုံးသတ်ခဲ့သည်။
ဒုတိယပိုင်းတွင် ညီညီအောင်အစား ရန်ကျော်ထွေး ဝင်ရောက်လာခဲ့ပြီး ပွဲချိန် ၄၈ မိနစ်တွင် ရန်နိုင်ဦး ဂိုးရှေ့ချပေးသည့်ဘောလုံးကို ရန်ကျော်ထွေး ဘယ်ခြမ်းကသွင်းယူပေးခဲ့ပြီး ရန်ကုန်အသင်းတစ်ဖန် ပြန်လည် ဦးဆောင်နိုင်ခဲ့သည်။ ၄ မိနစ်အကြာတွင် ရန်ကျော်ထွေး က ရန်ကုန်အသင်းအတွက် တတိယဦးဆောင်ဂိုး ထပ်မံသွင်းယူပေးခဲ့သည်။ ၅၉ မိနစ်တွင် ရန်ကုန်အသင်းပြစ်ဒဏ်ဘောကန်ခွင့်ရခဲ့ပြီး အဘူဘာကာ တိုက်ရိုက်ကန်သွင်းရာ ဂိုးဘားတန်းကပ်ကျော်ခဲ့သည်။ ပွဲချိန် ၅၆ မိနစ်တွင် အောင်မျိုးခန့် အစား သာယာဝင်းထက်၊ ပွဲချိန် ၆၉ မိနစ်တွင် အဘူဘာကာ အစား လှိုင်းဘိုဘို၊ ဥက္ကာနိုင် အစား ဉာဏ်လင်းထက် တို့ ဝင်ရောက်ကစားခဲ့ကြသည်။ ရန်ကုန်အသင်း ဆက်တိုက်တိုက်စစ်ကစားနိုင်ခဲ့ပြီး စတုတ္ထဦးဆောင်ဂိုးရရှိခဲ့ပြီး ပွဲချိန် ၇၄ မိနစ်တွင် ဉာဏ်လင်းထက် ဂိုးရှေ့ချပေးသည့် ဘောလုံးကို ရန်ကျော်ထွေး ကပင် ဂိုးသမားဘယ်ထောင့်ကို ပိတ်သွင်းယူနိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်အသင်းက တက္ကသိုလ်အသင်းကို ၁-၄ ဂိုးနှင့် အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဖရန့်ဘန်ဟတ် က “ပထမပိုင်းအပြီးမှာ ၁-၁ ဂိုးနဲ့သရေကျနေခဲ့ပါတယ်။ ကျွန်တော်တို့ဒုတိယပိုင်းမှာ အပြောင်းအလဲအချို့လုပ်ခဲ့ပါတယ်။ ဒုတိယပိုင်းရလဒ်ကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ၊ အတော်လေးကောင်းလာပါတယ်” ဟုပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၆ ပွဲကစား၊ ၆ ပွဲနိုင်၊ ရမှတ် ၁၈ မှတ်နှင့် အုပ်စုကိုဦးဆောင်နေပြီး လာမည့် မေလ ၁၃ ရက်နေ့၊ သုဝဏ္ဏကွင်းတွင် GFA အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။