ရန်ကုန်ယူနိုက်တက်အသင်းက သစ္စာအားမာန်အသင်းကို ၂-၁ ဂိုးနှင့် အနိုင်ရရှိ
သစ္စာအားမာန်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်ကို ယနေ့ညနေ ၄:၀၀ နာရီက သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ပြီး ရန်ကုန်အသင်းက သစ္စာအားမာန်အသင်းကို ၂-၁ ဂိုးနှင့် အနိုင်ရရှိခဲ့သည်။
ပထမပိုင်းတွင် သစ္စာအားမာန်အသင်းက စောမျိုးဇော် သွင်းယူပေးခဲ့သည့် သွင်းဂိုးနှင့် ဦးဆောင်နေခဲ့ပြီး ရန်ကုန်အသင်းမှ လှိုင်းဘိုဘို၊ ဥက္ကာနိုင်၊ ရန်ကျော်ထွေး တို့၏ ဂိုးကန်သွင်းယူရန် ကြိုးပမ်းမှုရှိခဲ့သော်လည်း အနည်းငယ်လွဲချော်မှုများဖြင့်သာ ပထမပိုင်းကို အဆုံးသတ်ခဲ့သည်။
ဒုတိယပိုင်း ၅၄ မိနစ်တွင် ဇော်ဝင်းသိန်း ၁၈ ကိုက်ထိပ်မှာ မတင်ပေးပို့မှုကို ရန်ကျော်ထွေး ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပြီး ရန်ကုန်အသင်း ချေပဂိုးရရှိခဲ့သည်။ ပွဲချိန် ၆၄ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး ရန်နိုင်ဦး က ရရှိသည့် ပြစ်ဒဏ်ဘောမှတဆင့် လှလှပပသွင်းယူပေးခဲ့ခြင်းဖြစ်ရာ ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက သစ္စာအားမာန်အသင်းကို ၂-၁ ဂိုးနှင့် အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးကျော်ဒွန်း က” ကျွန်တော်တို့ ချန်ပီယံဖြစ်ချင်ရင်တော့ ဒီထက်ပိုပြီးအများကြီးပြင်ဆင်ရပါဦးမယ်” ဟုပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပထမအကျော့ပြီးဆုံးချိန်တွင် ၁၁ ပွဲကစား၊ ၈ ပွဲနိုင်၊ ၃ ပွဲသရေ၊ ရမှတ် ၂၇ မှတ်နှင့် အဆင့် ၃ နေရာတွင် ရပ်တည်နေသည်။ မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်အဖြစ် အောက်တိုဘာ ၁၉ ရက်နေ့တွင် ဒဂုံပေါ့ အသင်းနှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။