ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဒဂုံစတားအသင်းတို့ ပွဲစဥ်တွင် ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဒဂုံစတားအသင်းတို့ ပွဲစဥ်တွင် ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်

မြန်မာနေရှင်နယ်နယ်လိဂ်ပွဲစဥ် ၁၇ အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဒဂုံစတား အသင်းတို့ ယနေ့ Yangon United Sports Complex တွင် ယှဥ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့သည်။ ယနေ့ပွဲစဥ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၄-၄-၂ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲစသည်နှင့် တစ်ဖက်အသင်းကို တိုက်စစ်ဆင်ရန် ကြိုးပမ်းခဲ့သည်။ ပွဲချိန် ၇ မိနစ်တွင် ဗလန်စီယာ နှင့် ဆယ်လာတို့၏ တွဲလုံးမှတဆင့် ရလာခဲ့သည့် အခွင့်အရေးကို ဆီလာ ပိတ်သွင်းခဲ့သော်လည်း ဒဂုံအသင်း ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန်ပထမပိုင်းအတွင်း နှစ်သင်းစလုံး အခွင့်အရေးများ ရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့သောကြောင့် ပထမပိုင်းပြီးဆုံးချိန်တွင် ဂိုးမရှိသရေ ရလဒ်သာ ထွက်ပေါ်ခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်း ဦးဆောင်ဂိုးရရှိရန် ပိုမိုကြိုးစားလာခဲ့ပြီး ပွဲချိန် ၄၆ မိနစ်နှင့် ၄၇ မိနစ်တွင် အခွင့်အရေး ၂ ကြိမ်အထိ ရခဲ့သော်လည်း ဒဂုံစတားအသင်း နောက်တန်းက အချိန်မီ ဟန့်တားနိုင်ခဲ့သည်။ ပွဲချိန် ၆၈ မိနစ်တွင် ဆီလာနှင့် ရန်နိုင်ဦး အစား ရန်ကျော်ထွေးနှင့် ဇာနည်ထက်၊ ၇၈ မိနစ်တွင် လှိုင်းဘိုဘို အစား သာယာဝင်းထက် တို့ကို ထည့်သွင်းအသုံးပြုခဲ့သည်။ ထို့နောက် ပွဲချိန် မိနစ် ၈၀ တွင် အသင်း ခေါင်းဆောင် ဒေးဗစ်ထန်း ကန်တင်ပေးသည့် အလွတ် တည်ကန်ဘောမှတဆင့် ဆီလာ ၏ ခေါင်းတိုက်ချက် ကောင်းခဲ့သော်လည်း ဒဂုံစတားအသင်း ဂိုးသမားထပ်မံ ကာကွယ်နိုင်ခဲ့သည်။ လက်ကျန်မိနစ်များတွင် ရန်ကုန်ယူနိုက် တက်အသင်း တိုက်စစ်ဆင်မှုများ ပြုလုပ်နိုင်ခဲ့သော်လည်း တစ်ဖက်အသင်း၏ လူကပ်ကစားပုံကောင်းခဲ့သော ကြောင့် ဂိုးမရရှိခဲ့ဘဲ ပွဲပြီးဆုံးချိန်တွင် ဂိုးမရှိသရေ ရလဒ် ထွက်ပေါ်ခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဂတ်ဇီ က “ကစားသမား ၄ ယောက်လောက်က အသင်းထရိန်နင်နဲ့ ကင်းကွာနေတဲ့ ၇ ပတ်လောက် ရှိနေပါတယ်။ အသင်းနဲ့ပြန်လေ့ကျင့်တာ ၂ ရက်လောက်ပဲရှိပါသေးတယ်။ ဂိုးကန်သွင်းဖို့အခွင့်အရေးကောင်း ၅ ကြိမ်လောက်ရခဲ့ပါတယ်။ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ အဲ့ဒီတော့ အနိုင်ရလဒ်ကို မယူဆောင်နိုင်ခဲ့ပါဘူး။” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ၁၆ ပွဲ ယှဥ်ပြိုင်ကစားပြီးချိန်တွင် ၁၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၂ ပွဲရှုံး ရမှတ် ၃၈ မှတ်ဖြင့် အမှတ်ပေးဇယားဒုတိယနေရာတွင် ဆက်လက်ရပ်တည်နေပြီး ပွဲစဥ် ၁၈ အဖြစ် ဧရာဝတီယူနိုက်တက်အသင်းနှင့် အောက်တိုဘာလ ၂၆ ရက်တွင် သုဝဏ္ဏကွင်း ဆက်လက်ယှဥ်ပြိုင်ရမည် ဖြစ်သည်။