ရန်ကုန်ယူနိုက်တက်အသင်းက မြဝတီအသင်းကို ၃-၂ ဂိုးဖြင့်အရေးနိမ့်

ရန်ကုန်ယူနိုက်တက်အသင်းက မြဝတီအသင်းကို ၃-၂ ဂိုးဖြင့်အရေးနိမ့်

ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၃ အဖြစ် မြဝတီအသင်းနှင့် သုဝဏ္ဏကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့ရာ ၃-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် သွင်းဂိုး ၂ ဂိုးကို အသင်းခေါင်းဆောင် ဒေးဗစ်ထန်း မှ ရယူပေးခဲ့ခြင်း ဖြစ်သည်။
ယနေ့ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၃-၅-၂ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲချိန် ၈ မိနစ်တွင် ဇော်ဝင်းသိန်း ကန်ချက်ဖြင့် ဂိုးပေါက် စတင်ခြိမ်းခြောက်နိုင်ခဲ့သည်။ ပွဲချိန် ၂၄ မိနစ်တွင် ရန်ကုန်ယူနိုက်တက် အသင်း ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ဇော်ဝင်းသိန်း၏ ပေးပို့မှုမှတဆင့် ဒေးဗစ်ထန်း က သွင်းယူခဲ့သည်။ ပထမပိုင်း ၄၅ မိနစ်ပြည့်အပြီး နာကျင်အချိန်ပို ၂ မိနစ်တွင် မြဝတီအသင်းကစားသမား သက်ပိုင်ကို က ချေပဂိုး ပြန်လည် သွင်းယူခဲ့သောကြောင့် ပထမပိုင်းအပြီးတွင် တဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့သည်။
ပွဲချိန် ဒုတိယပိုင်းအစတွင် ရန်ကုန်ယူနိုက်တက်အသင်း ကစားသမား ၂ ဦး အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဆယ်လာ အစား ဥက္ကာနိုင်၊ ဟိန်းဇေယျာလင်း အစား ဇာနည်ထက် တို့ကို ထည့်သွင်းအသုံးပြုခဲ့သည်။ ပွဲချိန် ၄၈ မိနစ်နှင့် ၅၂ မိနစ်များတွင် ဥက္ကာနိုင် ၏ ပေးပို့မှုမှတဆင့် ဗလန်စီယာ အပိုင်ပိတ်သွင်းခွင့် ၂ ကြိမ် ရရှိခဲ့သော်လည်း အဆုံးသတ် အားနည်းမှုကြောင့် ဦးဆောင်ဂိုးရရှိမည့် အခွင့်အရေးနှင့် လွဲချော်ခဲ့သည်။ ပွဲချိန် ၅၄ မိနစ်တွင် ရန်ကုန်ယူနိုက်တက် အသင်း ဒုတိယဂိုး ရရှိခဲ့ပြီး မြဝတီအသင်း နောက်တန်းအမှားမှတဆင့် ဒေးဗစ်ထန်း က သွင်းယူခဲ့သည်။ ပွဲချိန် ၅၈ မိနစ်တွင် မြဝတီအသင်း ချေပဂိုးပြန်လည်သွင်းယူခဲ့ပြီး ဟိန်းဇေယျာမင်း က ဂိုးသမားဆန်းဆက်နိုင် ကာကွယ်ရာမှ လျှံထွက်လာသည့် ဘောလုံးကို ထပ်မံပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် ၇၃ မိနစ်တွင် မြဝတီအသင်းမှ မင်းကိုသူ က တတိယဂိုး သွင်းယူခဲ့ပြီး လက်ကျန်အချိန်များတွင် ရန်ကုန်ယူနိုက်တက်အသင်း ဂိုးရရှိဖို့ ကြိုးစားခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခြင်းကြောင့် ပွဲပြီးဆုံးချိန်တွင် မြဝတီအသင်းကို ၃-၂ ဂိုး ဖြင့် ရန်ကုန်ယူနိုက်တက်အသင်း အရေးနိမ့်ခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးကျော်ဒွန်းက “ပထမဆုံးအနေနဲ့ အနိုင်ရသွားတဲ့ မြဝတီ အသင်းကို ချီးကျူးချင်ပါတယ်၊ နောက်တခုက အခွင့်အရေးတွေ ရပေမယ့် အသုံးမချနိုင်ခဲ့ရင် ကိုယ့်ဘက်က ပြန်ပေးရမယ်၊ ဒါက ဘောလုံးပါ” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၃ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၁၀ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၃၁ မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာတွင် ဆက်လက်ရပ်တည်နေပြီး လာမယ့် ဇူလိုင်လ ၃၁ ရက်တွင် ရခိုင်ယူနိုက်တက်အသင်းနှင့် သုဝဏ္ဏကွင်းတွင် ဆက်လက်ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။