ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ပွဲစဉ်တွင် ဂိုးမရှိသရေရလဒ်ထွက်ပေါ်

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ပွဲစဉ်တွင် ဂိုးမရှိသရေရလဒ်ထွက်ပေါ်

၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၁ အဖြစ် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ Yangon United Sports Complex တွင် ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့သည်။
ယနေ့ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၄-၃-၃ ပုံစံဖြင့် ပွဲထွက်ခဲ့ပြီး တိုက်စစ်မှုးသစ် ဗလင်စီယာ ကို ပထမဦးဆုံး ပွဲထွက်ပါဝင်လာခဲ့သည်။ ပွဲချိန် ၁၆ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်း အလွတ်တည်ကန်ဘော ရရှိခဲ့ပြီး နန္ဒကျော် ကန်သွင်း ဖို့ ကြိုးစားခဲ့သောဘောလုံးကို ရန်ကုန်ယူနိုက်တက်အသင်း ဂိုးသမား ဆန်းဆက်နိုင် အကောင်းဆုံး ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် ၃၁ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ကစားသမား ဇော်ဝင်းသိန်း ကန်တင်ပေးပို့သည့် ထောင့်ကန်ဘော မှတဆင့် ဟိန်းဇေယျာလင်း ခေါင်းတိုက်ချက် ကောင်းခဲ့သော်လည်း ရှမ်းယူနိုက်တက်အသင်း ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ထို့နောက် နှစ်သင်းစလုံး တိုက်စစ်ဆင်မှုများ ပြုလုပ်နိုင်ခဲ့သော်လည်း ပထမပိုင်းပြီးဆုံးချိန်ထိ ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်နေခဲ့သည်။
ပွဲချိန်ဒုတိယပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မြှင့်တင်လာခဲ့ပြီး ပွဲချိန် ၄၉ မိနစ်၊ ၅၂ မိနစ်နှင့် ၆၃ မိနစ်တို့တွင် အလွတ်တည်ကန်ဘောများ ရရှိခဲ့သော်လည်း ရှမ်းအသင်း နောက်တန်းက ကာကွယ် နိုင်ခဲ့သည်။ ပွဲချိန် ၆၈ မိနစ်တွင် လှိုင်းဘိုဘို အစား ရန်ကျော်စိုး၊ ဆီလာ အစား ဥက္ကာနိုင် တို့ကို ပြောင်းလဲအသုံး ပြုခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းကို ဖိအားပေးရန် ကြိုးစားလာခဲ့သည်။ ပွဲချိန် ၇၅ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်း နောက်တန်း အမှားမှတဆင့် ဗလင်စီယာ ဂိုးရရှိမည့် အခွင့်အရေး ရရှိခဲ့သော်လည်း အဆုံးသတ်အားနည်းခဲ့ သောကြောင့် ဂိုးရခွင့်နစ်နာခဲ့ရသည်။ ပွဲချိန် ၈၁ မိနစ်တွင်လည်း ဗလင်စီယာ ခေါင်းတိုက်ချက် ဂိုးပေါက်တည့်ခဲ့သော်လည်း ရှမ်းယူနိုက်တက်အသင်း ဂိုးသမား ကာကွယ်နိုင်ခဲ့သောကြောင့် ပွဲပြီးဆုံးချိန်တွင် ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့သည်။
ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးကျော်ဒွန်းက “မျှတတဲ့ အဖြေတစ်ခုပါ။ သူတို့လည်း နိုင်ချင်သလို ကျွန်တော်တို့လည်း နိုင်ချင်တာပဲလေ၊ ပွဲကောင်းတစ်ပွဲပါ။ အခွင့်အရေးတွေလည်း ရရှိခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၀ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ၈ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ရမှတ် ၂၅ မှတ်နှင့် အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်နေပြီး လာမည့် ဇူလိုင်လ ၁၀ ရက်တွင် ISPE အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။