ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းနှင့် သစ္စာအားမာန်အမျိုးသမီးအသင်းတို့၏ ပွဲစဉ်ကို ယနေ့ညနေက Yangon United Sports Complex တွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်းက ၄-၀ ဂိုးနှင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
ရန်ကုန်အသင်းအတွက် ဦးဆောင်ဂိုးကို ဝင်းသိင်္ဂီထွန်း က ပွဲစပြီး ၉ မိနစ်အကြာတွင် ဂိုးသမားကျော်ယူပြီး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ထို့နောက် ရန်ကုန်အမျိုးသမီးအသင်း အကောင်းဆုံးပုံစံနှင့် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမပိုင်း အချိန်ပို ၄ မိနစ်တွင် ယွန်းဝတီလှိုင် က ထပ်မံသွင်းယူပေးခဲ့ရာ ၂-၀ ဂိုးနှင့် ပထမပိုင်းကို ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်းတွင်လည်း ရန်ကုန်အသင်း ပုံစံကောင်းတစ်ခုနှင့် ဂိုးထပ်မံရရှိရေးအတွက် တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲချိန် ၇၈ မိနစ်တွင် ဝင်းသိင်္ဂီထွန်းကို တစ်ဖက်နောက်တန်းမှ ပင်နယ်တီဧရိယာအတွင်း ဥပဒေကစားသဖြင့် ပင်နယ်တီရရှိခဲ့သည်။ ထိုပင်နယ်တီကို ဝင်းသိင်္ဂီထွန်း ကပဲ သွင်းယူပေးခဲ့ကာ ပွဲကိုဆက်လက်ဦးဆောင်ခဲ့သည်။ ရန်ကုန်အသင်းအတွက် အဆုံးသတ်အနိုင်ဂိုးကို ယွန်းဝတီလှိုင်က ပွဲချိန် ၈၂ မိနစ်တွင် သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အမျိုးသမီး က သစ္စာအားမာန်အမျိုးသမီးအသင်းကို ၄-၀ ဂိုးနှင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်အမျိုးသမီးသည် ပွဲစဉ် ၁၁ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၈ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၂၅ မှတ် ရရှိထားပြီး လာမည့် ဩဂုတ်လ ၁၉ ရက်နေ့၊ ဧရာဝတီယူနိုက်တက်အမျိုးသမီးအသင်းနှင့် ပဒုမ္မာကွင်းတွင် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။