ရတနာပုံကို ဂိုးပြတ် အနိုင်ယူပြီး နိုင်ပွဲဆက်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

ရတနာပုံကို ဂိုးပြတ် အနိုင်ယူပြီး နိုင်ပွဲဆက်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

ယနေ့ညနေက Yangon United Sports Complex တွင် ယှဥ်ပြိုင်ကစား ခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဥ် ၁၉ တွင် ရန်ကုန်ယူနိုက်တက်အသင်းက ရတနာပုံအသင်းကို လေးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ ရန်ကုန် ယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကို ရန်ကျော်ထွေး (၂)ဂိုး၊ ဒေးဗစ်ထန်း နှင့် ဇော်ဝင်းသိန်း တို့မှ တစ်ဂိုးစီ အသီးသီး သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ယနေ့ပွဲစဉ်တွင် ပြည်တွင်း ကစားသမားများဖြင့် ယှဉ်ပြိုင်သည့် ပွဲစဉ်ဖြစ်ခဲ့ပြီး ၄-၄-၂ ကစားကွက်ဖြင့် ပွဲထွက်လာခဲ့ကာ တိုက်စစ်တွင် ရန်ကျော်ထွေးနှင့် လမင်းထွေး တို့ပါဝင်လာခဲ့သည်။
ရန်ကုန်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၂၅ မိနစ်တွင် စတင်ရရှိခဲ့ပြီး ရန်ကျော်ထွေး ၏ ပေးပို့မှုမှတဆင့် ဒေးဗစ်ထန်းကသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဦးဆောင်ဂိုး ၁ မိနစ်အကြာတွင် ရန်ကျော်ထွေး ၏ သွင်းဂိုးဖြင့် ဒုတိယ ဦးဆောင်ဂိုး ရရှိခဲ့ပြီး ပထမပိုင်းအပြီးတွင် ၂-၀ ဖြင့်ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်းတွင် တစ်ဖက်အသင်းကချေပဂိုးပြန်လည်ရရှိရေးအတွက် တိုက်စစ်ဆင်ကစားလာခဲ့သော်လည်း ရန်ကုန်နောက်တန်း အကောင်းဆုံး ဟန့်တားနိုင်ခဲ့သည်။ ရန်ကုန်အသင်းအတွက် တတိယဦးဆောင်ဂိုးကို ပွဲချိန် ၅၆ မိနစ်တွင် ရရှိခဲ့ပြီး ဇော်ဝင်းသိန်း ကန်သွင်းသည့် ဘောလုံးကို ရတနာပုံအသင်း ဂိုးသမားပုတ်ထုတ်ရာမှ လျှံထွက် လာသည့် ဘောလုံးကို ရန်ကျော်ထွေးက ပိတ်သွင်းခဲ့ခြင်းဖြစ်သည်။ ပွဲချိန် မိနစ် ၇၀ တွင် ဒေးဗစ်ထန်း နှင့် လှိုင်းဘိုဘို တို့အစား ဥက္ကာနိုင် နှင့် ရန်ကျော်စိုး တို့ကို ထည့်သွင်းအသုံးပြုခဲ့ပြီး ၇၃ မိနစ်တွင် လမင်းထွေး အစား သာယာဝင်းထက်၊ ၈၁ မိနစ်တွင် ရန်ကျော်ထွေး အစား စအောင်ပြည့်ကို၊ ရန်နိုင်ဦး အစား ညဏ်လင်းထက် တို့ကို ထည့်သွင်း အသုံးပြုခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် အဆုံးသတ်အနိုင်ဂိုးကို ဇော်ဝင်းသိန်း က ရတနာပုံ အသင်း နောက်တန်းအမှားမှတဆင့်သွင်းယူခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရတနာပုံအသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဂတ်ဇီက “ဒီတစ်ပတ် ပွဲစဉ်မှာနိုင်ငံခြားသားကစားသမားတွေ မပါဘဲနိုင်ခဲ့တဲ့ပွဲလို့ ပြောချင်ပါတယ်။ အသင်းက ပြည်တွင်းကစားသမားတွေနဲ့ ကစားနိုင်တယ် ဆိုတာကိုလည်း ပြသွားတယ်၊ ပြည်တွင်းကစားသမားချည်းပဲ ကစားသွားတယ်၊ ထိုင်ခုံမှာ ထိုင်နေတဲ့နိုင်ငံခြားသားဆိုလို့ ကျွန်တော်ပဲရှိပါတယ်၊ ပရိသတ်တွေကို ကတိပေးခဲ့တာက ပွဲကောင်းတစ်ပွဲကိုကြည့်ရမယ်လို့ပြောခဲ့တာပေါ့နော်၊ ရလဒ်ကောင်းတွေလည်း ရခဲ့ပါတယ်” ဟု ဆိုခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဥ် ၁၈ ပွဲယှဥ်ပြိုင်ကစားပြီးချိန်တွင် ၁၄ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး ရမှတ် ၄၄ မှတ်ဖြင့် အမှတ်ပေးဇယားဒုတိယနေရာတွင် ဆက်လက်ရပ်တည်နေပြီး နိုဝင်ဘာလ ၂၆ ရက်တွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။