ယှဉ်ပြိုင်ရန်အဆင်သင့်ဖြစ်နေသည် ဟု ရန်ကျော်ထွေး ဆို

ယှဉ်ပြိုင်ရန်အဆင်သင့်ဖြစ်နေသည် ဟု ရန်ကျော်ထွေး ဆို

ရန်ကုန်ယူနိုက်တက်အသင်းတိုက်စစ်မှုး ရန်ကျော်ထွေးက မနက်ဖြန် ယှဉ်ပြိုင်ကစားမည့် ရတနာပုံအသင်းနှင့် ပွဲကိုယှဉ်ပြိုင်ရန်အဆင်သင့်ဖြစ် နေသည် ဟု ဆိုခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၉ အဖြစ် ရတနာပုံအသင်းနှင့် နိုဝင်ဘာလ ၁ ရက်နေ့၊ ညနေ ၃း၃၀ နာရီ၊ YUSC တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
ရန်ကျော်ထွေး က “လာမယ့်ရတနာပုံနဲ့ပွဲအတွက် အကောင်းဆုံးပြင်ဆင် ထားပါတယ်။ ပြီးခဲ့တဲ့ပွဲက အမှားတွေကို လည်း သေချာပြင်ဆင်ထားတာ ဖြစ်တဲ့အတွက် ယှဉ်ပြိုင်ဖို့အဆင်သင့်ဖြစ်နေပါပြီ” ဟု ဆိုသည်။
ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့၏ ပထမအကျော့တွေ့ဆုံမှု တွင် ရန်ကုန်အသင်းက ရတနာပုံအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိထားခဲ့သည်။
“ရတနာပုံအသင်းကလည်း အသင်းကောင်းတစ်သင်းပါ၊ လူငယ်အများစုနဲ့ ယှဉ်ပြိုင်နေတဲ့အသင်းလည်းဖြစ်တယ်။ ပထမအကျော့က ၃-၀ နဲ့နိုင်ထားတယ် ဆိုပေမယ့် အခုဒုတိယအကျော့မှာလည်း လျော့မတွက်ဘဲအနိုင်ရရှိအောင် သေချာပြင်ဆင်ထားပါတယ်။” ဟု ရတနာပုံအသင်းအပေါ် မှတ်ချက်ပြုစကားဆိုခဲ့သည်။
ဆက်လက်ပြီး “အားပေးနေကြတဲ့ပရိသတ်တွေအနေနဲ့လည်း ဆက်လက် အားပေးကြပါဦး၊ တစ်ပွဲထက်တစ်ပွဲ ပိုကောင်းအောင် ကြိုးစားနေပါတယ်” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
၁၇ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၁၃ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၄၁ မှတ်နှင့် အဆင့် ၂ နေရာတွင် ရပ်တည်နေပြီး ရတနာပုံအသင်းသည် ၄ ပွဲနိုင်၊ ၇ ပွဲသရေ၊ ၆ ပွဲရှုံး၊ ရမှတ် ၁၉ မှတ်နှင့် အဆင့် ၇ နေရာတွင် ရပ်တည်လျက်ရှိသည်။