မြဝတီအသင်းမှ ဟိန်းဇေယျာမင်းကို ၂ နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက် အသင်းခေါ်ယူ

မြဝတီအသင်းမှ ဟိန်းဇေယျာမင်းကို ၂ နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက် အသင်းခေါ်ယူ

လာမည့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် ကစားသမားအားဖြည့်မှုများ ပြုလုပ်နေသည့် ရန်ကုန်ယူနိုက်တက် အသင်းသည် စတုတ္ထမြောက် ကစားသမားခေါ်ယူမှုအဖြစ် မြဝတီအသင်းမှ ဘယ်တောင်ပံကစားသမား ဟိန်းဇေယျာမင်း ကို ၂ နှစ်စာချုပ်ဖြင့် ချုပ်ဆိုခေါ်ယူလိုက်ပြီဖြစ်သည်။
အသက် ၂၁ နှစ်ရှိပြီဖြစ်သည့် ဟိန်းဇေယျာမင်းသည် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့ဇာတိဖြစ်ပြီး မြဝတီလူငယ်အသင်းနှင့်အတူ ၂၀၁၈ မြန်မာနေရှင်နယ်လိဂ် ယူ-၁၈ တွင် စတင်ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် မြဝတီ ယူ-၁၉ အသင်းသို့တက်လှမ်းခဲ့သည်။ ထို့နောက် ရှမ်းယူနိုက်တက်လူငယ်အသင်းသို့ ၂၀၂၀ ခုနှစ်ပြောင်းရွှေ့ပြီး ၁ နှစ်ကစားခဲ့ပြီး နောက် ၂၀၂၂ ခုနှစ်တွင် မြဝတီအသင်းနှင့်အတူ မြန်မာနေရှင်နယ်လိဂ်တွင် ၂ နှစ်ကြာခြေစွမ်းပြပါဝင်ကစားခဲ့သည်။
ဘောလုံးမျိုးရိုးရှိသည့် ဟိန်းဇေယျာမင်း သည် ပြည့်မိုး ၏ ညီအရင်းဖြစ်ပြီး လက်ရှိရန်ကုန်အသင်း နောက်ခံ တံတိုင်းတစ်ဦးဖြစ်သည့် ဟိန်းဇေယျာလင်းနှင့်လည်း ညီအစ်ကိုဝမ်းကွဲတော်စပ်သူတစ်ဦးဖြစ်သည်။
“ဝမ်းသာပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းက ခေါ်တဲ့အတွက် ပိုပျော်ရပါ တယ်။ ကျွန်တော့်မိဘတွေ ပိုပျော်တာပေါ့။ သူတို့ကိုယ်တိုင်က ကျွန်တော့်ကို အသင်းကြီးတစ်သင်းမှာ ကစားစေချင်တဲ့ အပြင် အရမ်းကို ဖြစ်စေချင်တဲ့သူ တွေပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း အရင်ကတည်းက ကစားချင်ခဲ့တာ ဖြစ်တဲ့အတွက် အတိုင်းထက်လွန်ပျော်ရွှင်မိပါတယ်။” ဟု ဟိန်းဇေယျာမင်း က ဝမ်းသာပီတိစကားဆိုခဲ့သည်။