မြန်မာ့လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းတိုက်စစ်မှုး ဝင်းသိင်္ဂီထွန်း Sabah Football Association Women’s Team အသင်းသို့ပြောင်းရွှေ့
ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းတိုက်စစ်မှုး ဝင်းသိင်္ဂီထွန်းသည် ရန်ကုန်ယူနိုက်တက်အသင်းနှင့် နှစ်ဦးသဘောတူလမ်းခွဲပြီး မလေးရှားကလပ် Sabah Football Association Women’s Team အသင်းသို့ပြောင်းရွှေ့သွားမည်ဖြစ်ပါသည်။ ရန်ကုန်ယူနိုက်တက်အသင်းနှင့် စာချုပ်ရှိနေသေးသော်လည်း ကစားသမား၏ ဆန္ဒနှင့် အောင်မြင်တိုးတက်မှုကို အလေးထားပြီး အသင်းမှ ထွက်ခွာခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။
Sabah Football Association အသင်းသည် AFC Women Champions League 2024/2025 ကစားရမည်ဖြစ်သဖြင့် လူအင်အားဖြည့်တင်းမှုအနေဖြင့် ရန်ကုန်အသင်းအတူ ခြေစွမ်းပြလျက်ရှိသည့် မြန်မာ့လက်ရွေးစင်ကစားသမား ဝင်းသိင်္ဂီထွန်း ကို အခွင့်အရေးကောင်းများနှင့်အတူ ကမ်းလှမ်းလာသည့်အတွက် ကစားသမားအကျိုးကျေးဇူးကို လိုလားသည့် ရန်ကုန်ယူနိုက်တက်အသင်းက အသင်းမှ ထွက်ခွာခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဝင်းသိင်္ဂီထွန်းအနေနှင့်လည်း ပထမဦးဆုံး AFC Women Champions League တွင် ကစားရသည့် ပထမဦးဆုံးမြန်မာအမျိုးသမီးတိုက်စစ်မှုးအဖြစ်လည်း မှတ်တမ်းဝင်မည်ဖြစ်သည်။
ဝင်းသိင်္ဂီထွန်း သည် အသင်းနှင့်ရှိနေစဉ်တစ်လျှောက် အသင်းအောင်မြင်မှုရရှိရေးအတွက် မဆုတ်မနစ်ကြိုးစားပေးခဲ့ပြီး အသင်းအောင်မြင်မှုအတွက် အဓိကနေရာကနေ ထိန်းကျောင်းပေးခဲ့မှုများအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။ အသင်းသစ်နှင့် လျှောက်လှမ်းရမည့်ပြိုင်ပွဲတွင်လည်း အကောင်းဆုံးစွမ်းဆောင်နိုင်ပါစေကြောင်း ရန်ကုန်ယူနိုက်တက်အသင်းက ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ကစားသမားများ၏ အောင်မြင်မှုတိုးတက်မှုများကို အလေးထားသည့်အသင်းဖြစ်သည့်အတွက် ပိုမိုကောင်းမွန်သောအခွင့်အရေးများရောက်ရှိလာပါက ကစားသမားတိုင်းကို အကောင်းဆုံးထောက်ပံ့ကူညီပေးသွားမည်ဖြစ်ပြီး ၎င်းတို့အောင်မြင်မှုအတွက်လည်း ဂုဏ်ယူအားပေးသွားမည်ဖြစ်ပါသည်။