ပြိုင်ပွဲယှဉ်ပြိုင်ရန်အဆင်သင့်ဖြစ်နေသည်ဟု လှိုင်းဘိုဘို ပြောကြား

ပြိုင်ပွဲယှဉ်ပြိုင်ရန်အဆင်သင့်ဖြစ်နေသည်ဟု လှိုင်းဘိုဘို ပြောကြား

ရန်ကုန်ယူနိုက်တက်အသင်းကွင်းလယ်ကစားသမား လှိုင်းဘိုဘိုက GFA ပွဲအတွက် ယှဉ်ပြိုင်ရန် အဆင်သင့်ဖြစ်နေသည်ဟု ပွဲမတိုင်မီတွင် ပြောကြား ခဲ့သည်။
လှိုင်းဘိုဘို က “အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ နည်းပြကလည်း သေချာညွှန်ကြားပြသပေးတဲ့အပြင် ကစားသမားတွေအားလုံးကလည်း သေချာလိုက်ပါလုပ်ဆောင်ကြတဲ့အတွက် ပြိုင်ပွဲယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒုတိယအကျော့ရဲ့ ပထမဦးဆုံးပြိုင်ပွဲမှာ ရမှတ်တွေရရှိအောင်သေချာကစားမယ်။ တစ်ဖက်အသင်းကိုလည်း အထင်သေးလို့မရပါဘူး” ဟု ဆိုခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မနက်ဖြန် ဇူလိုင်လ ၁၈ ရက်နေ့၊ ညနေ ၃း၃၀ နာရီ၊ Yangon United Sports Complex တွင် GFA အသင်းနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
GFA အသင်းနှင့်ပတ်သက်၍ ၎င်းက “သူတို့အသင်းကလည်း ကစားပုံကောင်းပါတယ်။ ဇယားအောက်ဆုံးမှာ ဆိုပေမယ့် ကစားသမားကောင်းတွေလည်း ရှိတယ်။ ဒုတိယအကျော့မှာ အကောင်းဆုံးပုံစံနဲ့ပြန်လာမယ်လို့ လည်းမျှော်လင့်ပါတယ်” ဟု မှတ်ချက်ပြုစကားပြောခဲ့သည်။
“မနက်ဖြန်ပွဲမှာ ကျွန်တော်ညီတွေ အစ်ကိုတွေနဲ့ အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်သွားပါမယ်။ ရန်ကုန်ပရိသတ်တွေကို အနိုင်လက်ဆောင်ပေးချင် ပါတယ်။ ဒါကြောင့် လာရောက်အားပေးကြဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်” ဟု ပရိသတ်များကိုဖိတ်ခေါ်ခဲ့သည်။
ပွဲစဉ် ၁၁ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၉ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး၊ ရမှတ် ၂၈ မှတ်ရရှိထားပြီး အသင်းသည် ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၈ ပွဲရှုံး၊ ရမှတ် ၇ မှတ်နှင့် အမှတ်ပေးဇယားအောက်ဆုံးတွင် ရပ်တည်လျက် ရှိသည်။