နည်းပြသစ်နှင့်အတူ ရမှတ်ပြည့် ရယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

နည်းပြသစ်နှင့်အတူ ရမှတ်ပြည့် ရယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၅ အဖြစ် ကချင်ယူနိုက်တက်အသင်းနှင့် ယနေ့ YUSC ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ၂-၁ ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကို ရန်နိုင်ဦး၊ ဒေးဗစ်ထန်း တို့က သွင်းယူခဲ့ပြီး ကချင်ယူနိုက်တက်အသင်းအတွက် ချေပဂိုးကို စိုင်းအောင်က သွင်းယူခဲ့သည်။
ယနေ့ပွဲစဉ်သည် နည်းပြချုပ် ဂတ်ဇီ က ရန်ကုန်ယူနိုက်တက်အသင်းကို ပထမဆုံးစတင်ကိုင်တွယ်သည့် ပွဲစဉ် ဖြစ်ပြီး ၄-၂-၃-၁ ကစားကွက်ဖြင့် ပွဲထွက်ခဲ့သည်။ ပွဲစပြီး ၁၅ မိနစ်အကြာတွင် ရန်ကုန်ယူနိုက်တက်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး ရန်နိုင်ဦး က အလွတ်တည်ကန်ဘောမှတဆင့် သွင်းယူခဲ့သည်။ ၃ မိနစ်အကြာတွင် ကချင် ယူနိုက်တက်အသင်းကို ချေပဂိုး ပြန်လည်ရရှိခဲ့ပြီး စိုင်းအောင် က သွင်းယူခဲ့သည်။ ထို့နောက် ရန်ကုန်အသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို ပွဲချိန် ၃၉ မိနစ်တွင် ဆီလာ ၏ ဖန်တီးပေးပို့မှုမှတဆင့် ဒေးဗစ်ထန်း က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် ၄၄ မိနစ်တွင် ဆယ်လာ အပိုင်ကန်သွင်းခွင့်ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သော ကြောင့် ပထမပိုင်း ပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်း က ကချင်ယူနိုက်တက်အသင်းကို ၂-၁ ဂိုး ဖြင့် ဦးဆောင် နိုင်ခဲ့သည်။
ပွဲချိန်ဒုတိယပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်း ဦးဆောင်ဂိုးများ ထပ်မံရရှိရန် ကြိုးစားခဲ့ပြီး ပွဲချိန် ၇၃ မိနစ်နှင့် ၇၅ မိနစ်တွင် ရရှိခဲ့သည့် ဗလန်စီယာ ၏ ကန်ချက် နှစ်လုံးစလုံးကို ကချင်ယူနိုက်တက်အသင်း ဂိုးသမား ကာကွယ် နိုင်ခဲ့သည်။ ပွဲချိန် ၇၅ မိနစ်တွင် ဗလန်စီယာ နှင့် ရန်နိုင်ဦး အစား ရန်ကျော်ထွေးနှင့် ဥက္ကာနိုင် တို့ကို ထည့်သွင်း အသုံးပြုခဲ့သည်။ ပွဲချိန် မိနစ် ၈၀ တွင် ဆီလာ၏ အဝေးကန်ချက် ဂိုးဘားတန်းပေါ် အနည်းငယ်ကျော်လွန်ခဲ့သလို ကချင်ယူနိုက်တက်အသင်း၏ နာကျင်အချိန်ပိုတွင် ရရှိခဲ့သည့် ကန်ချက် ဂိုးဘားတန်းထိခဲ့သောကြောင့် ၂ သင်းစလုံး ဂိုးထပ်မံရရှိခဲ့ခြင်းမရှိဘဲ ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ကချင်ယူနိုက်တက်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဂတ်ဇီက “ကျွန်တော်တို့ဒီနေ့အနိုင်ရရှိခဲ့ပါတယ်။ လေ့ကျင့်ရေးလုပ်တဲ့အချိန်မှာတော့ သူတို့အကောင်းဆုံးလုပ်ခဲ့ပေမယ့် ဒီနေ့ပွဲမှာ ပုံစံတစ်ခုကိုရောက်မလာခဲ့ပါဘူး။ ထရိန်နင်မှာလည်း သေချာလေ့ကျင့်ခဲ့ပါတယ်။ ကချင်အသင်းက ကစားပုံလည်းကောင်းပါတယ်။ သူတို့လည်း ပြန်တုန့်ပြန်ကစားနိုင်တာ တွေ့ရတယ်။ ဘောလုံးကိုသေချာကစားပြီး ရန်ကုန်ယူနိုက်တက်အသင်းကို ယှဉ်ကစားနိုင်တာတွေ့ရတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၅ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၁၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံး ရမှတ် ၃၇ မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာတွင် ဆက်လက်ရပ်တည်နေသည်။ ရန်ကုန်ယူနိုက် တက်အသင်း အနေဖြင့် ဩဂုတ်လ ၁၆ ရက်တွင် AFC Cup Preliminary stage ပွဲစဉ်အဖြစ် ဘရူနိုင်းကလပ် DPMM အသင်းနှင့် ညနေ ၃း၃၀ နာရီ၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။