ဒုတိယမြောက်နိုင်ပွဲရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးဘောလုံးအသင်း

ဒုတိယမြောက်နိုင်ပွဲရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးဘောလုံးအသင်း

ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းသည် ၂၀၂၃ မြန်မာအမျိုးသမီးလိဂ် ပွဲစဉ် ၆ အဖြစ် Young Lionesses အသင်းနှင့် စလင်းကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ရန်ကုန်ယူနိုက်တက် အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို တိုက်စစ်မှုး ဇင်မိုးပြည့် က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ယနေ့ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းသည် ၄-၄-၂ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ပြီး အပေးအယူ အချိတ်အဆက် မှန်မှန်နှင့် ကစားနိုင်ခဲ့သည်။ ပွဲချိန် ၁၂ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှုး ယွန်းဝတီလှိုင် ၏ ပေးပို့မှုမှတဆင့် ဇင်မိုးပြည့်က ပိတ်သွင်းပြီး ဦးဆောင်ဂိုးသွင်းယူခဲ့သောကြောင့် ပထမပိုင်း ပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းက Young Lionesses အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့ သည်။
ပွဲချိန်ဒုတိယပိုင်းတွင်လည်း ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်ဆင်မှုများ ပြုလုပ်နိုင်ခဲ့သော်လည်း တဖက်အသင်း နောက်တန်းနှင့် ဂိုးသမားတို့ အမှားအယွင်းမရှိ ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန်မိနစ် ၉၀ အထိ နှစ်သင်း စလုံး ဂိုးထပ်မံသွင်းယူခဲ့ခြင်း မရှိသောကြောင့် ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အမျိုးသမီးဘောလုံးအသင်းက Young Lionesses အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယမြောက် နိုင်ပွဲရရှိခဲ့သည်။
ယခုနိုင်ပွဲကြောင့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးဘောလုံးအသင်းသည် ပွဲစဉ် ၆ ပွဲ ယှဉ်ပြိုင်ကစားအပြီး ရမှတ် ၆ မှတ်ဖြင့် အဆင့် ၄ နေရာသို့ တက်လှမ်းနိုင်ခဲ့ပြီး လာမည့် ဩဂုတ်လ ၈ ရက်တွင် သစ္စာအားမာန်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။