ဂျာမနီနိုင်ငံသား ဖရန့်ဘန်ဟတ်ကို နည်းပြချုပ်အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းစာချုပ်ချုပ်ဆို

ဂျာမနီနိုင်ငံသား ဖရန့်ဘန်ဟတ်ကို နည်းပြချုပ်အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းစာချုပ်ချုပ်ဆို

၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက်ပြင်ဆင်မှုများပြုလုပ်နေသည့် ရန်ကုန်ယူနိုက်တက်ဘောလုံး အသင်းသည် ဂျာမနီနိုင်ငံသား ဖရန့်ဘန်ဟတ်ကို 2024-2025 ဘောလုံးရာသီအတွက်နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်သည်။
ဖရန့်ဘန်ဟတ်သည် နည်းပြချုပ်နှင့် နည်းစနစ်ဒါရိုက်တာအဖြစ် အက်စတိုနီးယားဘောလုံးအဖွဲ့ချုပ်၊ အဇာဘိုင်ဂျန်ဘောလုံး အဖွဲ့ချုပ် နှင့် မလေးရှားဘောလုံးအဖွဲ့ချုပ်တို့တွင်တာဝန်ယူဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်သည့်အပြင် ရီးရဲမက်ဒရစ်အသင်းအတွက် လူငယ်ရှာဖွေရေးတွင် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ယခုနောက်ဆုံး မလေးရှားစူပါလိဂ်ကလပ် ကဲလန်တန်အသင်းတွင် တာဝန်ယူဆောင်ရွက်ခဲ့သည်။
အတွေ့အကြုံကောင်းများစွာပိုင်ဆိုင်ထားသည့် ဂျာမာန်နည်းပြ ဖရန့်ဘန်ဟတ် သည် နည်းပြ လမ်းကြောင်းကို လူငယ်လက်ရွေးစင်အသင်းများတွင် နည်းပြချုပ်အဖြစ်စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ခုနှစ် မလေးရှားယူ-၂၃ အသင်းကို နည်းပြချုပ်တာဝန်ယူခဲ့သူတစ်ဦးဖြစ်သည်။ ထို့အပြင် ကစားသမားဘဝတွင်လည်း ဘွန်ဒက်စ်လီဂါအသင်း Werder Bremen နှင့် Holstein Kiel အသင်းတို့တွင်ခြေစွမ်းပြပါဝင်ခဲ့သည့်သူဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းကို ရောက်ရှိလာသည့်နှင့်ပတ်သပ်၍ နည်းပြချုပ် ဖရန့်ဘန်ဟတ် က “ သမိုင်းကြောင်းကြီးမားတဲ့ရန်ကုန်ယူနိုက်တက်အသင်းကို တာဝန်ယူရတဲ့အတွက် တကယ်ကိုဝမ်းသာပါတယ်။ အသင်းရလဒ်ကောင်းတွေရဖို့အတွက် ကျွန်တော်နည်းပြအဖွဲ့ဝင်တွေ၊ အသင်းတာဝန်ရှိသူတွေနဲ့ အသင်းပရိသတ်တွေအတူတကွပူးပေါင်းလုပ်ဆောင်ကြပါမယ်။ ရှုံးထွက်နဲ့လိဂ်ချန်ပီယံဖြစ်ဖို့က ကျွန်တော်တို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့အတွက် ကျွန်တော်တို့မှာရှိသမျှ ကိုယ်စွမ်းဉာဏ်စွမ်းတွေကိုအသုံးပြုပြီး သေချာလေးလုပ်ဆောင်သွားဖို့လိုပါတယ်။ တစ်ပွဲချင်းစီကိုသေချာအာရုံစိုက်ပြီးလုပ်ဆောင်သွားမယ့်အပြင် ရင်ဆိုင်ရမယ့်အသင်းတိုင်းကိုလည်း လျော့မတွက်ဘဲယှဉ်ပြိုင်သွားပါမယ်။ အသင်းရည်မှန်းချက်ကိုရဖို့အတွက် အားလုံးနဲ့အတူတကွ သေချာပြင်ဆင်လုပ်ဆောင်သွားပါမယ် ” ဟုပြောကြားခဲ့သည်။
နည်းပြချုပ်ဖရန့်ဘန်ဟတ် သည် လာမည့်အပတ်အတွင်း အသင်းနှင့်ပူးပေါင်းသွားမည်ဖြစ်ပြီး လက်ရှိ လေ့ကျင့်ရေးအစီစဉ်များကို လက်ထောက်နည်းပြများနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။