ဂိုးပြတ်အနိုင်ယူပြီး ရမှတ်ပြည့်ယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

ဂိုးပြတ်အနိုင်ယူပြီး ရမှတ်ပြည့်ယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်-၁၄ အဖြစ် ရခိုင်ယူနိုက်တက်အသင်းနှင့် သုဝဏ္ဏ ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက ၄-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ ရန်ကုန် အသင်းအတွက် သွင်းဂိုးများကို ဆယ်လာနှင့် ဗလန်စီယာတို့မှ ၂ ဂိုးစီသွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ယနေ့ပွဲစဉ်ကို ယာယီနည်းပြချုပ်အဖြစ် ဦးတင်မောင်ထွန်းက တာဝန်ယူကိုင်တွယ်ခဲ့ပြီး ၄-၄-၂ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ သည်။ ပွဲအစ ၄ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ဆယ်လာက သွင်းယူခဲ့သည်။ ထို့နောက် ပွဲချိန် ၈ မိနစ်တွင် ဆယ်လာ ထပ်မံ ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့ပြီး ခေါင်းတိုက်ချက် ကောင်းခဲ့သော်လည်း ဂိုးဘားတန်းထိ ပြန်ထွက်ခဲ့သည်။ ပွဲချိန် ၁၀ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ဒုတိယဦးဆောင်ဂိုး ရရှိခဲ့ပြီး ဗလန်စီယာ က သွင်းယူပေးခဲ့ကာ ပွဲချိန် ၂၄ မိနစ်တွင် ရခိုင်ယူနိုက်တက်အသင်း ကစားသမား ထရာအိုရေး က ချေပဂိုး ပြန်လည်သွင်းယူခဲ့သည်။ ပွဲချိန် ၃၂ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း တတိယဦးဆောင်ဂိုး ရရှိခဲ့ပြီး ဇော်ဝင်းသိန်း ကန်တင်ပေးသည့် ထောင့်ကန်ဘောမှတဆင့် ဗလန်စီယာက ခေါင်းတိုက်သွင်းယူခဲ့သည်။ ထို့နောက် ပွဲချိန် ၃၅ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း စတုတ္ထဂိုး ရရှိခဲ့ပြီး ဆယ်လာ က သွင်းယူခဲ့ကာ ပထမပိုင်း ပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ၄-၁ ဂိုးဖြင့် ရခိုင်ယူနိုက်တက်အသင်းကို ဦးဆောင်ထားနိုင်ခဲ့သည်။
ပွဲချိန် ဒုတိယပိုင်းတွင်လည်း ရန်ကုန်ယူနိုက်တက်အသင်း ဂိုးရရှိရန် တိုက်စစ်ဆင်မှုများ ထပ်မံပြုလုပ်ခဲ့သည်။ ပွဲချိန်မိနစ် ၇၀ နောက်ပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်း ကစားသမား ၄ ဦးအထိ လူစားလဲခဲ့ပြီး ဗလန်စီယာ၊ ရန်နိုင်ဦး၊ ဒေးဗစ်ထန်း၊ ဇာနည်ထက် တို့နေရာတွင် ရန်ကျော်ထွေး၊ ဥက္ကာနိုင်၊ စအောင်ပြည့်ကို၊ ရဲလင်းထက်တို့ကို အသုံးပြုခဲ့သည်။ ထို့နောက် တိုက်စစ်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း တစ်ဖက်နောက်တန်းက ဟန့်တားထားနိုင်ခဲ့သဖြင့် ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက် အသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်း ယာယီနည်းပြချုပ် ဦးတင်မောင်ထွန်းက “ကွင်းထဲမှာ ကစားခဲ့တဲ့ ကျွန်တော့်ရဲ့ ကလေးတွေ တက်ညီလက်ညီကစားခဲ့လို့ အနိုင်ရရှိခဲ့တာပါ၊ သူတို့ကြိုးစားခဲ့တဲ့အတွက် ထိုက်တန်တဲ့ အနိုင်ရလဒ်ကို ရရှိခဲ့တာပါ” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၄ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ၁၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၃၄ မှတ်ဖြင့် အမှတ်ပေးဇယားဒုတိယနေရာတွင် ရပ်တည်နေကာ လာမည့် ဩဂုတ်လ ၇ ရက်တွင် ကချင်ယူနိုက်တက်အသင်းနှင့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၅ ကို YUSC ကွင်းတွင် ဆက်လက် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။