သုဝဏ္ဏကွင်းတွင် ဒဂုံစတားယူနိုက်တက်အသင်းကို ဂိုးပြတ်အနိုင်ယူခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း။

သုဝဏ္ဏကွင်းတွင် ဒဂုံစတားယူနိုက်တက်အသင်းကို ဂိုးပြတ်အနိုင်ယူခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း။

ယနေ့ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၂၁) အဖြစ် ဒဂုံစတားယူနိုက်တက်အသင်းနှင့်ရန်ကုန်ယူနိုက်တက်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းက (၃-၀) ဂိုးဖြင့်ဂိုးပြတ်အနိုင်ရရှိခဲ့ပါသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည်ယနေ့ပွဲစဉ်တွင် လူစာရင်းအပြောင်းအလဲများပြုလုပ်ကာ ပြင်ဆင်ပွဲထွက်ခဲ့ပါသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ယနေ့ပွဲစဉ်ပထမပိုင်းတွင် တိုက်စစ်ဖိအားပေးကစားနိုင်ခဲ့ရာ ပွဲစဉ် (၂၆) မိနစ်တွင် အသင်းခေါင်းဆောင်ဒေးဗစ်ထန်းမှ ရန်ကုန်ယူနိုက်တက်အသင်းအတွက်ဦးဆောင်ဂိုးသွင်းယူပေးခဲ့သည်။ ပထမပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ဂိုးကန်သွင်းခွင့်များစွာ ဖန်တီးနိုင်ခဲ့ပြီးအဆုံးသတ်လွဲချော်မှုများကြောင့်သာ ဂိုးများထပ်မံမရရှိခဲ့ခြင်းဖြစ်သည်။

ဒုတိယပိုင်းတွင်လည်း ရန်ကုန်ယူနိုက်တက်အသင်းမှ လူစာရင်းအပြောင်းလဲများစွာပြုလုပ်ကာ ကစားခဲ့ပါသည်။ ဒုတိယပိုင်းပွဲကစားချိန်များတွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ကစားသမားများအနေဖြင့်ဒဏ်ရာမရရှိအောင် ထိန်းကစားခဲ့သည်။ ထို့နောက်ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို ပွဲချိန် (၇၆) မိနစ်တွင် လူစားဝင်တိုက်စစ်ကစားသမား ရန်ကျော်ထွေးမှ ဧရိယာထဲမှ အပြင်းကန်သွင်းယူပေးခဲ့သည်။ထို့နောက်ရန်ကုန်ယူနိုက်တက်အသင်းအတွက် တတိယဦးဆောင်ဂိုးကို တစ်ပွဲလုံးခြေစွမ်းပြကစားနေသည့် ဇော်ဝင်းသိန်းမှ ဧရိယာထိပ်မှ လှလှပပကန်သွင်းယူပေးခဲ့သည်။

ပွဲပြီးအင်တာဗျူးတွင် ရန်ကုန်ယူနိုက်တက်အသင်းနည်းပြ ဦးကျော်ဒွန်းက “ပထမဦးဆုံးပရိသတ်တွေကိုကျေးဇူးတင်ပါတယ်။ ထရိန်နင်မှာလေ့ကျင့်ထားတာတွေကို ပွဲထဲယူဆောင်လာပေးတဲ့ ကစားသမားတွေကိုလည်း ချီးကျူးလိုပါတယ်” ဟုပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ်(၂၁)ပွဲကစားအပြီး ၁၄ပွဲနိုင် ၊ ၆ပွဲသရေ ၊ ၁ပွဲရှုံးနှင့်(၄၈) မှတ်ရရှိထားပြီး လာမည့် ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် အား/ကာသိပ္ပံအသင်းနှင့် အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

#YUFC #Yangon #ThisIsYangon #HomeOfYUFC #DreamBigPlayHard #MNL2024/25 #DSUvsYUFC