အဝေးကွင်းတွင် မြဝတီအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း။

အဝေးကွင်းတွင် မြဝတီအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း။

ယနေ့ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၁၈) အဖြစ် မြဝတီအသင်းနှင့်ရန်ကုန်ယူနိုက်တက်အသင်းတို့ သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းက (၄-၁) ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

ယနေ့ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ရှေ့ပွဲစဉ်က လူစာရင်းကိုအပြောင်းအလဲအများအပြားပြုလုပ်ကာ ပွဲထွက်လာခဲ့ပြီး မြဝတီအသင်းကိုရင်ဆိုင်ကစားခဲ့သည်။ပွဲစဉ်ပထမပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်း၏ တိုက်စစ်ကစားသမားများသည် မြဝတီအသင်း၏ နောက်တန်းကစားသမားများကို အခက်တွေ့စေခဲ့ပြီး ပွဲစပြီး (၇) မိနစ်မှာပဲ ကွင်းလယ်ကစားသမား ဇော်ဝင်းသိန်း၏ အကွက်မြင်မြင်ပေးပို့မှုကနေတဆင့် တောင်ပံကစားသမား အီစိုးမှ ပြိုင်ဘက်ကစားသမားများကို လှလှပပကျော်ဖြတ်ကာ ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့သည်။ ထို့နောက်ရန်ကုန်ယူနိုက်တက်အသင်းက ဆက်လက်တိုက်စစ်ဆင်ကစားခဲ့ရာ ပွဲချိန် (၃၁) မိနစ်တွင် ဝါရင့်ကစားသမား ကြည်လင်း၏ ဖြတ်တင်ပေးပို့မှုကို မြဝတီကစားသမား နေသူရအောင်၏ လက်နှင့်ထိခဲ့ရာမှ ရန်ကုန်ယူနိုက်တက်အသင်း ပင်နယ်တီကန်ခွင့်ရရှိခဲ့သည်။ထိုပင်နယ်တီအား တိုက်စစ်ကစားသမား ရန်ကျော်ထွေးမှဂိုးအဖြစ်အကောင်းဆုံးပြောင်းလဲနိုင်ခဲ့ပြီး ပထမပိုင်းကို ရန်ကုန်ယူနိုက်တက်အသင်းမှ (၂-၀) ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင်လည်း ရန်ကုန်ယူနိုက်တက်အသင်းဘက်မှ လူစားအပြောင်းအလဲများစွာပြုလုပ်ခဲ့ပြီး လူစားဝင်ကစားသမားများသည်လည်း အထူးခြေစွမ်းပြသနိုင်ခဲ့သည်။ ထို့နောက်ရန်ကုန်ယူနိုက်တက်အသင်းဘက်မှ တတိယဦးဆောင်ဂိုးရရှိခဲ့ရာ ရန်ကျော်ထွေး
၏ ဖန်တီးပေးပို့မှုကနေတစ်ဆင့် လူစားဝင်လူငယ်ကစားသမား သာယာဝင်းထက်မှလှလှပပကန်သွင်ယူခဲ့ခြင်းဖြစ်သည်။ ထို့နောက် ရန်ကုန်ယူနိုက်တက်အသင်းအတွက်စတုတ္ထသွင်းဂိုးအား လူစားဝင်တိုက်စစ်ကစားသမား ကောင်းစည်သူမှ ဂိုးဧရိယာထဲတွင် အပြင်းကန်သွင်းယူအဆုံးသတ်ပေးခဲ့ခြင်းဖြစ်သည်။ မြဝတီအသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ ပွဲချိန် (၈၈) မိနစ်တွင်ရရှိခဲ့သော ပင်နယ်တီကနေတစ်ဆင့် နိုင်ဇင်ထက်မှသွင်းယူပေးခဲ့သည်။

ပွဲပြီးအင်တာဗျူးတွင်ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဦးကျော်ဒွန်းက “ပထမဆုံးအနေနဲ့တော့ လာရောက်အားပေးတဲ့ပရိတ်သတ်တွေကိုအထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်ဒီနေ့ပွဲစဉ်မှာ အပြောင်းအလဲတွေများစွာပြုလုပ်ခဲ့ပြီး ကစားသမားတွေဘက်ကလည်း စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်” ဟုပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၁၈ ပွဲကစားပြီးချိန်တွင် ၁၂ပွဲနိုင်၊ ၅ပွဲသရေ၊ ၁ပွဲရှုံး နှင့် ၄၁ မှတ်ရရှိထားပြီး လာမည့် ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ရတနာပုံအသင်းအား အိမ်ကွင်းတွင် လက်ခံယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

#YUFC #Yangon #ThisIsYangon #HomeOfYUFC #DreamBigPlayHard #MNL2024/25 #MWDvsYUFC