ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့တစ်ဖက်နှစ်ဂိုးစီနှင့် သရေရလဒ်ထွက်ပေါ်
ယနေ့မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်အဖြစ် သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ဟံသာဝတီယူနိုက်တက်အသင်းနှင့်ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်တွင် တဖက် ( ၂ )ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ပါသည်။
ပထမပွဲချိန်များအတွင်း ရန်ကုန်ယူနိုက်တက်အသင်းဘက်မှ ထိုးဖောက်တိုက်စစ်ဆင်မှုများစွာဖြင့် တိုက်စစ်ကစားနိုင်ခဲ့သော်လည်း ဦးဆောင်ဂိုးများကို ဟံသာဝတီယူနိုက်တက်အသင်းဘက်မှ ရရှိခဲ့ကာ တန်ပြန်တိုက်စစ်များမှတဆင့် ပွဲချိန် (၁၁) မိနစ်နှင့် (၃၀) မိနစ်များတွင် သန်းတိုးအောင်နှင့်အောင်မြတ်သူတို့မှ သွင်းယူပေးခဲ့ပြီး ပထမပိုင်းပွဲကစားချိန်ကို ဟံသာဝတီယူနိုက်တက်အသင်းဘက်မှ (၂-၀) ဂိုးဖြင့်ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်းတွင်ရန်ကုန်ယူနိုက်တက်အသင်း ကစားကွက်အခင်းကျင်းများနှင့်ကစားသမားအပြောင်းလဲများပြုလုပ်ခဲ့ပြီး ဂိုးရရှိရန်ကြိုးပမ်းခဲ့သည်။ ရန်ကုန်အသင်းဘက်မှလျှင်မြန်စွာ ထိုးဖောက်တိုက်စစ်ဆင်ခဲ့ရာ ပွဲချိန် (၅၄) မိနစ်တွင် ဥက္ကာနိုင်မှ ပြန်လျှံထွက်လာသော ဘောလုံးကို ဧရိယာထိပ်မှ အပြင်းကန်သွင်းယူခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းဘက်မှချေပဂိုးရရှိခဲ့သည်။ ထို့နောက် ၆ မိနစ်အကြာတွင် ကွင်းလယ်ကစားသမား ဝေလင်းအောင်မှ ရန်ကုန်ယူနိုက်တက်အသင်းအတွက်နောက်ထပ်ချေပဂိုးသွင်းယူပေးခဲ့သည်။ လက်ကျန်ပွဲချိန်များအတွင်းရန်ကုန်ယူနိုက်တက်အသင်းသည် အနိုင်ဂိုးရရှိရေး ကြိုးစားခဲ့သော်လည်း ဂိုးရခွင့်အခွင့်အရေးအချို့ လက်လွှတ်ခဲ့ရပြီး သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဦးကျော်ဒွန်း က “ သရေရလဒ်ကတော့ ကျေနပ်စရာမကောင်းပါဘူး။ ဒုတိယပိုင်းမှာဂိုးပြန်ရတဲ့အတွက် ကစားသမားတွေကိုချီးကျုးပါတယ်” ဟုပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၁၃ ပွဲကစား၊ ၉ ပွဲနိုင်၊ ၄ ပွဲသရေနှင့် ရမှတ် ၃၁ မှတ်ရရှိထားပြီး လာမည့် နိုဝင်ဘာ ၂၄ ရက်နေ့တွင် သစ္စာအားမာန်အသင်းနှင့် YUSC ကွင်းတွင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။