ရန်ကုန်ယူနိုက်တက်အသင်းနှင့်ဒဂုံစတားယူနိုက်အသင်းတို့ သရေရလဒ်ထွက်ပေါ်

ရန်ကုန်ယူနိုက်တက်အသင်းနှင့်ဒဂုံစတားယူနိုက်အသင်းတို့ သရေရလဒ်ထွက်ပေါ်

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းတို့၏ ပွဲစဉ်ကိုယနေ့ညနေ ၃:၃၀ နာရီက YUSC ကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သည်။

နှစ်သင်းစလုံးအကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမပိုင်းတွင် ရန်နိုင်ဦး၊ ဥက္ကာနိုင် နှင့် ဝေလင်းအောင်တို့ ဂိုးကန်သွင်းမှုများရှိခဲ့သော်လည်း တစ်ဖက်အသင်းက ကာကွယ်နိုင်ခဲ့သည်။ ထို့အပြင် ဇော်ဝင်းသိန်း ပြစ်ဒဏ်ဘောကန်တင်ပေးသည့်ဘောလုံးကို ရန်နိုင်ဦး ခေါင်းတိုက်သွင်းယူရန် ကြိုးစားသော်လည်း ဂိုးဘေးက ကပ်ထွက်ခဲ့ပြီး ဂိုးရခွင့်နစ်နာခဲ့သည်။

ဒုတိယပိုင်းစပြီး ၁၀ မိနစ်အကြာတွင် လမင်းထွေး နှင့် ဝေလင်းအောင် တို့အစား ကောင်းစည်သူနှင့် ရဲလင်းထက်တို့ဝင်ရောက်ကစားခဲ့ကြသည်။ တစ်ဖက်ပြိုင်ဘက်အသင်းမှ ဂိုးရရှိရန်တိုက်စစ်ဆင် ကြိုးစားမှုများကိုလည်း ရန်ကုန်နောက်တန်းနှင့် ဂိုးသမားပြည့်ဖြိုးအောင် အကောင်းဆုံးကာကွယ် ဟန့်တား နိုင်ခဲ့သည်။ ရန်ကုန်အသင်းရရှိသည့် ထောင့်ကန်ဘောမှတဆင့် ကျော်ဖြိုးဝေ ခေါင်းတိုက် သွင်းယူရန် ကြိုးပမ်းမှုနှင့် ရန်နိုင်ဦး၏ ဂိုးကန်သွင်းယူရန် ကြိုးစားမှုများ ရှိခဲ့သော်လည်း ဂိုးရခွင့် လွဲချော်ခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းတို့ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဦးကျော်ဒွန်း က “ကျွန်တော်တို့ ပရိသတ်တွေအပေါ် တာဝန်မကျေခဲ့ပါဘူး။ ဘောလုံးပွဲကနည်းနည်းလေး ကစားရခက်ခဲ့ပါတယ်။ နောက်ပွဲတွေမှာ သေချာလေးပြင်ဆင်ပြီး ယှဉ်ပြိုင်သွားပါမယ်” ဟုပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၁၀ ပွဲကစား၊ ၇ ပွဲနိုင်၊ ၃ ပွဲသရေ၊ ရမှတ် ၂၄ မှတ်ရရှိထားပြီး လာမည့် စက်တင်ဘာလ ၂၁ ရက်နေ့တွင် သစ္စာအားမာန်အသင်းနှင့် သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။