ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းနှင့် မြဝတီအမျိုးသမီးအသင်းတို့ တစ်ဖက် နှစ်ဂိုးစီနှင့်သရေရလဒ်ထွက်ပေါ်

ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းနှင့် မြဝတီအမျိုးသမီးအသင်းတို့ တစ်ဖက် နှစ်ဂိုးစီနှင့်သရေရလဒ်ထွက်ပေါ်

ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းနှင့် မြဝတီအမျိုးသမီးအသင်းတို့၏ ပွဲစဉ်ကို ယနေ့ညနေ ၃း၄၅ နာရီအချိန်က YUSC ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ (၂-၂) ဂိုးဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။
ယနေ့ပွဲစဉ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပွဲကို ၁၅ မိနစ်နောက်ကျပြီးမှ စတင်ခဲ့ပြီး အစောပိုင်း မိနစ်များတွင် နှစ်သင်းစလုံးအတွက် ကစားရခက်ခဲသည့် အခြေအနေဖြစ်ခဲ့သည်။ ပွဲချိန်(၁၇) မိနစ်တွင် မြဝတီအသင်းက ဦးဆောင်ဂိုးရရှိခဲ့ပြီး ထောင့်ကန်ဘောမှတဆင့် ရူပါခိုင်မှသွင်းယူပေးခဲ့သည်။ ဦးဆောင်ဂိုးပေးလိုက်ပြီးနောက် ရန်ကုန်ယူနိုက်တက်အသင်းက ချေပဂိုးရရှိရေးအတွက် အကောင်းဆုံး တုန့်ပြန်ကစားခဲ့ပြီး ပွဲချိန် (၃၃) မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား ဝင်းသိင်္ဂီထွန်း ကို မြဝတီအသင်းနောက်ခံလူမှ ဥပဒေပြင်ပ ကျူးလွန်မှုကြောင့် ရန်ကုန်ယူနိုက်တက်အသင်းပင်နယ်တီရရှိခဲ့သည်။ ထိုပင်နယ်တီကို ဝင်းသိင်္ဂီထွန်း မှ ကန်သွင်းယူနိုင်ခဲ့ပြီး ရန်ကုန်အသင်းချေပဂိုးရရှိခဲ့သည်။
ဒုတိယပိုင်းတွင် ရာသီဥတုကောင်းမွန်သွားမှုနှင့်အတူ နှစ်ဖက်နှစ်သင်းစလုံးအပြန်လှန်တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲချိန် (၆၁) မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ဦးဆောင်ဂိုး ရရှိခဲ့ပြီး ထောင့်ကန်ဘောမှတဆင့် ယုယုနိုင်မှ ခေါင်းတိုက်သွင်းယူပေးခဲ့သည်။ ထို့နောက် မြဝတီအသင်းမှ ချေပဂိုးရရှိရေးကြိုးပမ်းခဲ့ပြီး ပွဲပြီးဆုံးခါနီး အချိန်ပိုတွင် ပြစ်ဒဏ်ဘောမှတဆင့် ဖြူဖြူဝင်းမှ ကွင်းလယ်ကြောကနေ ကန်သွင်းအဆုံးသတ်ခဲ့ပြီး (၂-၂) ဂိုးဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ယနေ့ပွဲရလဒ်ကြောင့် အမှတ်ပေးဇယားတွင် ဒုတိယနေရာမှ ISPE အသင်းကို (၂) မှတ်အသာဖြင့် ဆက်လက်ဦးဆောင်ထားသည်။ ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းသည် လာမည့် ဩဂတ်လ (၂) ရက်နေ့တွင် အား/ကာသိပ္ပံ အသင်းနှင့် စလင်းကွင်းတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။