ရန်ကုန်ယူနိုက်တက်အသင်းက မဟာယူနိုက်တက်အသင်းကို ရန်ကျော်ထွေး ၏ သွင်းဂိုးဖြင့် အနိုင်ရရှိ
ရန်ကုန်ယူနိုက်တက်အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့၏ ပွဲစဉ်ကို ယနေ့ညနေက YUSC ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်းက ရန်ကျော်ထွေး ၏ ပင်နယ်တီသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ယနေ့ပွဲစဉ်တွင် ကြည်လင်း ပွဲထွက်ကစားသမားစာရင်းတွင်ပါဝင်လာခဲ့ပြီး ဂိုးသမားနေရာတွင် ပြည့်ဖြိုးအောင် ဝင်ရောက်ကစားခဲ့သည်။ တစ်ဖက်နှင့်တစ်ဖက် ဂိုးရရှိရေးအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြသော်လည်း ပထမပိုင်းပြီးဆုံးသည်အထိ ဂိုးသွင်းယူနိုင်မှုမရှိခဲ့သောကြောင့် ဂိုးမရှိသရေရလဒ်ထွက်ပေါ်နေခဲ့သည်။ ဒုတိယပိုင်းစပြီး မိနစ်အနည်းငယ်အကြာတွင် ကြည်လင်းအစား ရဲလင်းထက် ဝင်ရောက်လာခဲ့ပြီး ပွဲချိန် ၅၈ မိနစ်တွင် ရဲလင်းထက် ညာခြမ်းမှဂိုးရှေ့ကန်တင်မှုကို တစ်ဖက်နောက်ခံလူ မွန်ကာလူး က ပင်နယ်တီဧရိယာအတွင်း ကာကွယ်ရာမှ လက်ထိခဲ့ပြီး ရန်ကုန်အသင်း ပင်နယ်တီရရှိခဲ့သည်။ ထိုရရှိသည့် ပင်နယ်တီကို ရန်ကျော်ထွေး က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပြီး ရန်ကုန်အသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။ ချေပဂိုးရရှိရေးအတွက် မဟာ အသင်းကြိုးစား ခဲ့သော်လည်း ဂိုးသမား ပြည့်ဖြိုးအောင် အကောင်းဆုံးကာကွယ်ထားနိုင်ခဲ့သည်။ ရန်ကုန်အသင်း ဂိုးထပ်မံရရှိရေး အတွက် လူစားလဲတိုက်စစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ဂိုးကန်သွင်းခွင့်များ ရရှိခဲ့သော်လည်း ဂိုးထပ်မံသွင်းယူနိုင်ခြင်း မရှိသဖြင့် ၁-၀ ဂိုးဖြင့် မဟာယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးကျော်ဒွန်း က “အနိုင်သုံးမှတ်ရတဲ့အတွက် ပျော်ပါတယ်။ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့လို့ ပထမပိုင်းမှာ သရေကျခဲ့တာဖြစ်ပါတယ်” ဟု ဆိုသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၄ ပွဲကစား၊ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၁၀ မှတ်ရရှိထားပြီး လာမည့် ဩဂုတ်လ ၄ ရက်နေ့တွင် ရှမ်းယူနိုက်တက်အသင်းနှင့် တောင်ကြီးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။