မြန်မာနေရှင်နယ်လိဂ်အဖွင့်ပွဲစဉ်တွင် ရခိုင်ယူနိုက်တက်အသင်းကို ရန်ကုန်ယူနိုက်တက်အသင်းက ဂိုးပြတ်အနိုင်ရရှိ ……

မြန်မာနေရှင်နယ်လိဂ်အဖွင့်ပွဲစဉ်တွင် ရခိုင်ယူနိုက်တက်အသင်းကို ရန်ကုန်ယူနိုက်တက်အသင်းက ဂိုးပြတ်အနိုင်ရရှိ ……

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၄-၂၅ မြန်မာနေရှင်နယ်လိဂ်ပထမဆုံးပွဲစဉ်အဖြစ် ယနေ့ညနေ ၃:၃၀ နာရီက YUSC ကွင်းတွင် ရခိုင်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်းက ၂-၀ ဂိုးနဲ့အနိုင်ရရှိခဲ့သည်။
ယနေ့ပွဲစဉ်တွင် ရန်ကုန်အသင်းက ပထမပိုင်းစစချင်းမှာပင် လျင်လျင်မြန်မြန်တိုက်စစ်ဆင်ကစားခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုအများပြားကို ပြုလုပ်နိုင်ခဲ့သည်။ ပွဲချိန် ၃၄ မိနစ်တွင် ရန်ကုန်အသင်းဦးဆောင်ဂိုးရရှိခဲ့ပြီး လမင်းထွေးပေးပို့ရာမှ နောက်တန်းဖြတ်ထုတ်သည့်ဘောလုံးကို ဒေးဗစ်ထန်း အနီးကပ်ကန်သွင်းယူခဲ့သည်။ ယနေ့ပွဲစဉ် ပထမပိုင်းတွင်ရန်ကုန်ယူနိုက်တက်ဘက်မှ ဂိုးကန်သွင်းခွင့်များစွာရရှိခဲ့သော်လည်း အဆုံးသတ်လွဲချော်မှုများကြောင့် ပထမပိုင်းကို (၁-၀) ဂိုးဖြင့်သာ ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင်လည်း ရန်ကုန်ယူနိုက်တက်အသင်း ဆက်လက်ဖိအားပေးကစားနိုင်ခဲ့ပြီး တစ်ဖက်ဂိုးပေါက်ကိုခြိမ်းခြောက်ကစားနိုင်ခဲ့သည်။ ထို့နောက် လူစားလဲမှုများပြုလုပ်ခဲ့ပြီး ရဲလင်းထက် နှင့် လမင်းထွေး အစား ကြည်လင်း၊ ရန်ကျော်ထွေး ဝင်ရောက်ကစားခဲ့သည်။ ဆက်လက်ပြီး ရန်နိုင်ဦး အစား လူငယ်ကစားသမား သာယာဝင်းထက် ဝင်ရောက်ကစားခဲ့ပြီးနောက် ပွဲချိန် ၈၃ မိနစ်တွင် လှိုင်းဘိုဘို နှင့် ရန်ကျော်ထွေး တို့၏ တွဲလုံးမှတဆင့် ဇော်ဝင်းသိန်း အပိုင်ကန်သွင်းယူနိုင်ခဲ့ပြီး ရန်ကုန်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးရရှိခဲ့သည်။ ပွဲပြီးရန်မိနစ်အနည်းငယ်အလိုတွင် မင်းကျော်ခန့် နှင့် ဥက္ကာနိုင် တို့အစား ဇင်ကိုထက် နှင့် ဟိန်းဇေယျာမင်းတို့ဝင်ရောက်ကစားခဲ့ကြပြီး ပွဲကိုအကောင်းဆုံးထိန်းကစားခဲ့ကာ ၂-၀ ဂိုးနှင့် ရခိုင်ယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးကျော်ဒွန်း က “ ဒီနေ့ပွဲမှာ ကစားသမားတွေအရမ်းကြိုးစားခဲ့ပါတယ်။ လူငယ်တွေကအရမ်းကြိုးစားတဲ့အတွက် ယုံယုံကြည်ကြည်နဲ့ နေရာပေးခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၁ ပွဲကစား၊ ၁ ပွဲနိုင်၊ ရမှတ် ၃ မှတ်ရရှိထားပြီး လာမည့် ဇူလိုင်လ ၁၃ ရက်နေ့၊ YUSC ကွင်းတွင် မြဝတီအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။