သုံးဂိုးပြတ်နိုင်ပွဲနဲ့အတူ နိုင်ပွဲဆက်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

သုံးဂိုးပြတ်နိုင်ပွဲနဲ့အတူ နိုင်ပွဲဆက်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၇ အဖြစ် ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ရန်ကုန်ယူနိုက်တက် အသင်းအတွက် သွင်းဂိုးများကို ဒေးဗစ်ထန်း၊ ဥက္ကာနိုင်၊ ရန်ကျော်ထွေး တို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ယနေ့ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၄-၃-၃ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲစသည်နှင့် ရတနာပုံ အသင်းကို ဖိအားပေးနိုင်ခဲ့သည်။ ပွဲချိန် ၁၄ မိနစ်တွင် ဒေးဗစ်ထန်း ၏ ဖြတ်တင်ပေးပို့မှုကနေတဆင့် ဆီလာ ခေါင်းတိုက် ဂိုးသွင်းယူခဲ့သော်လည်း တိုင်ထိခဲ့သောကြောင့် ဂိုးရရှိမည့် အခွင့်အရေးနှင့် လွဲချော်ခဲ့သည်။ ပွဲချိန် ၂၇ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ဆီလာ ၏ ဖြတ်တင်ပေးပို့မှုကနေ အသင်းခေါင်း ဆောင် ဒေးဗစ်ထန်း က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီး နောက်ပိုင်း ရတနာပုံအသင်း ချေပဂိုးရရှိရန် ကြိုးစားခဲ့သော်လည်း ရန်ကုန်ယူနိုက်တက်အသင်း နောက်တန်းနှင့်ဂိုးသမားတို့ အကောင်းဆုံး ကာကွယ် နိုင်ခဲ့သောကြောင့် ပထမပိုင်းပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းက ရတနာပုံအသင်းကို ၁-၀ ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်အပြီး ပွဲချိန် ၄၉ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ဒုတိယဦးဆောင်ဂိုး ရရှိခဲ့ပြီး ရန်နိုင်ဦး ၏ အလွတ်တည်ကန်ဘောမှတဆင့် ဥက္ကာနိုင် က ခေါင်းတိုက်သွင်းယူခဲ့သည်။ ပွဲချိန် ၆၂ မိနစ်တွင် ရတနာပုံအသင်း ကစားသမား သိုင်းဖွဲ့အောင် ချေပဂိုးရရှိရန် အနီးစပ်ဆုံး အခွင့်အရေးတစ်ရပ် ရရှိခဲ့သော်လည်း ရန်ကုန်ယူနိုက်တက်အသင်း ဂိုးသမား ဆန်းဆက်နိုင် အကောင်းဆုံး ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် ၈၉ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း တတိယဂိုးရရှိခဲ့ပြီး ဇော်ဝင်းသိန်း ၏ အလွတ်တည်ကန်ဘောမှတဆင့် ရန်ကျော်ထွေး က ခေါင်းတိုက်သွင်းယူခဲ့ကာ ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ရတနာပုံအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးကျော်ဒွန်းက “ကျွန်တော်တို့ ခက်ခက်ခဲခဲ ကစားခဲ့ ရပါတယ်။ တစ်ဖက်အသင်းက လူငယ်တွေဆိုတော့ ကောင်းပါတယ်၊ ရလဒ်အတွက် ကျေနပ်အားရမိပါတတ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၇ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ၆ ပွဲနိုင်၊ ၁ ပွဲရှုံး ရမှတ် ၁၈ မှတ်ရရှိထားပြီး လာမယ့် ဇွန်လ ၄ ရက် YUSC ကွင်းတွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၈ ကို ဆက်လက်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။