သစ္စာအားမာန်အသင်းကိုအနိုင်ယူပြီး အမှတ်ပေးဇယားအဆင့် (၂) သို့တက်လှမ်းခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း

သစ္စာအားမာန်အသင်းကိုအနိုင်ယူပြီး အမှတ်ပေးဇယားအဆင့် (၂) သို့တက်လှမ်းခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း

ယနေ့ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်-၁၄ အဖြစ် ရန်ကုန်ယူနိုက်အသင်းက သစ္စာအားမာန်အသင်းကို အိမ်ကွင်းတွင်လက်ခံယှဉ်ပြိုင်ကစားခဲ့ရာ (၃-၂) ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး အဆင့် ၂ နေရာသို့ပြန်လည်တက်လှမ်းခဲ့သည်။
ပွဲချိန်ပထမပိုင်းအတွင်း နှစ်ဖက်စလုံးအကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲစဉ်ရဲ့အဖွင့်ဂိုးကို သစ္စာအားမာန်အသင်းကရရှိခဲ့ရာ ပွဲချိန်(၆)မိနစ်တွင် တိုက်စစ်ကစားသမား နိုင်ဝင်းထွန်းကသွင်းယူပေးခဲ့သည်။ ဂိုးပေးလိုက်ရပြီးရန်ကုန်ယူနိုက်တက်အသင်းသည် တိုက်စစ်ကိုလျင်လျင်မြန်မြန်ထိုးဖောက်ကစားခဲ့ပြီး ဂိုးရရှိနိုင်သည့် ခြိမ်းခြောက်မှုများစွာရှိခဲ့ပြီး ပွဲချိန်(၁၁) မိနစ်တွင် ရန်ကုန်ယူနိုက်တက်တိုက်စစ်ကစားသမား ရန်ကျော်ထွေးရဲ့ အဝေးကန်ချက် ဂိုးတိုင်ထိမှန်ခဲ့ခြင်းကြောင့် ရန်ကုန်ယူနိုက်တက်အသင်း ချေပဂိုးရခွင့်နစ်နာခဲ့သည်။ရန်ကုန်ယူနိုက်တက်အသင်းသည် ပထမပိုင်းတစ်ပိုင်းလုံး သစ္စာအားမာန်အသင်းကို ဆက်တိုက်တိုက်စစ်ဆင်ကစားခဲ့ပြီး ပထမပိုင်း ၄၅ မိနစ်အပြီးနာကျင်အချိန်ပို (၅) မိနစ်တွင် ချေပဂိုးရရှိခဲ့ကာ တောင်ပံကစားသမား ဥက္ကာနိုင်မှသွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ဒုတိယပိုင်းတွင်လည်း ရန်ကုန်ယူနိုက်တက်အသင်းက ဦးဆောင်ဂိုးရရှိရေး ကြိုးပမ်းကစားခဲ့ပြီး ပွဲချိန် (၄၈) မိနစ်တွင် ရန်ကုန်ယူနိုက်တက်နောက်တန်းကစားသမား ဇင်ကိုထက်၏ ဖြတ်တင်ပေးပို့မှုကို သစ္စာအားမာန်အသင်းမှ စောထူးဖွဲ့မှူး မှကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်း ပွဲစဉ်ကိုဦးဆောင်နိုင်ခဲ့သည်။ သစ္စာအားမာန်အသင်းက တိုက်ပြန်တိုက်စစ်ဆင်မှုများမှတဆင့် ချေပဂိုးရရှိရေးအတွက်ကြိုးပမ်းခဲ့ရာ ပွဲချိန် (၆၀) မိနစ်တွင် တိုက်စစ်ကစားသမား စောမျိုးဇော်က သစ္စာအားမာန်အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့သည်။ ချေပဂိုးပေးရပြီးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းဘက်မှ ဦးဆောင်ဂိုးရရှိရန် ကစားသမားအပြောင်းအလဲများပြုလုပ်ခဲ့ကာ တိုက်စစ်ကိုမြှင့်တင်ခဲ့ပြီး ပွဲချိန် (၈၀) မိနစ်အရောက်တွင် တစ်ပွဲလုံးခြေစွမ်းပြနေသည့် ကွင်းလယ်ကစားသမား ဝေလင်းအောင်မှရန်ကုန်ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ပွဲပြီးချိန်မှာတော့ရန်ကုန်ယူနိုက်တက်အသင်းက သစ္စာအားမာန်အသင်းကို (၃-၂) ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး အနိုင် (၃) မှတ်ရရှိခဲ့ပါသည်။
ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးကျော်ဒွန်း က “ဒီနေ့ကစားပုံကမကောင်းပါဘူး။ ဒါပေမယ့် အနိုင် ၃ မှတ်တော့ရခဲ့ပါတယ်။ တစ်ဖက်အသင်းကလည်း ကစားအားကောင်းတဲ့အတွက်ချီးကျူးပါတယ်” ဟု ဆိုခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၁၄ ပွဲကစား၊ ၁၀ ပွဲနိုင်၊ ၄ ပွဲသရေနှင့် ရမှတ် ၃၄ မှတ်ရရှိထားပြီး လာမည့် ၂၀၂၅ ဇန်နဝါရီ ၁၁ ရက်နေ့တွင် မဟာယူနိုက်တက်အသင်းနှင့် သုဝဏ္ဏ ကွင်းတွင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။