GFA အသင်းနဲ့ပွဲစဉ်မှာ အနိုင်ရရှိအောင်ကြိုးစားသွားမယ်လို့ ထက်ဖြိုးဝေ ဆို

GFA အသင်းနဲ့ပွဲစဉ်မှာ အနိုင်ရရှိအောင်ကြိုးစားသွားမယ်လို့ ထက်ဖြိုးဝေ ဆို

မနက်ဖြန်ယှဉ်ပြိုင်ကစားမယ့် GFA အသင်းနဲ့ပွဲစဉ်မှာ အနိုင်ရရှိအောင် ကြိုးစားယှဉ်ပြိုင်သွားမယ်ဟု ရန်ကုန်ယူနိုက်တက် ကွင်းလယ်ကစားသမား ထက်ဖြိုးဝေက ပြောကြားခဲ့သည်။

၂၀၂၂ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၇ တွင် GFA အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ တွေ့ဆုံနေပြီး အဆိုပါ ပွဲစဉ်ကို နိုဝင်ဘာလ ၂ ရက်နေ့၊ ညနေ ၃:၃၀ နာရီ၊ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

အဆိုပါပွဲစဉ်နှင့် ပတ်သတ်ပြီး ထက်ဖြိုးဝေက “ကျွန်တော်တို့အသင်းအနေနဲ့ အနိုင်ရဖို့အတွက် အကောင်းဆုံး ပြင်ဆင်ထားပါတယ်၊ တဖက်အသင်းကလည်း အမှတ်ရရှိဖို့အတွက် ကြိုးစားလာမှာဖြစ်တာကြောင့် ကစားရတာတော့ ခက်ခဲနိုင်ပါတယ်၊ အဲ့တာကြောင့် တဖက်အသင်းကို လျော့မတွက်ပဲ အနိုင်ရရှိအောင် ကြိုးစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။

ရန်ကုန်အသင်းနှင့် GFA အသင်းတို့၏ မြန်မာနေရှင်နယ်လိဂ်ပထမအကျော့တွေ့ဆုံမှုတွင် ရန်ကုန်အသင်းက ၂-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

ထို့အပြင် ထက်ဖြိုးဝေက “ကျွန်တော်တို့ ပိုပြီး ကြိုးစားနေပါတယ်၊ လိုချင်တဲ့ အနိုင်ရလဒ်ရရှိအောင် ကြိုးစားသွားမှာပါ၊ အားပေးကြပါဦး” ဟု ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၅ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ၁၀ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၃၂ မှတ်ဖြင့် အမှတ်ပေးဇယားဒုတိယနေရာတွင် ရပ်တည်နေပြီး GFA အသင်းကတော့ ပွဲစဉ် ၁၆ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁၂ ပွဲရှုံး၊ ရမှတ် ၁၀ မှတ်ဖြင့် အဆင့် ၉ နေရာတွင် ရပ်တည်နေ သည်။