GFA အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူပြီး နိုင်ပွဲဆက်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

GFA အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူပြီး နိုင်ပွဲဆက်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၈ အဖြစ် GFA အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ကျော်ဖြိုးဝေ၊ လမင်းထွေးတို့၏ သွင်းဂိုးများဖြင့် ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ယနေ့ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်း အနေနှင့် ပြီးခဲ့သည့် ပွဲစဉ်က ပွဲထွက်ကစားသမားစာရင်းတွင် တစ်ဦးသာ ပြောင်းလဲခဲ့ပြီး ၄-၃-၃ ပုံစံဖြင့် ပွဲထွက်ခဲ့သည်။ ပထမပိုင်း ပွဲကစားချိန်အတွင်း ရန်ကုန်ယူနိုက်တက် အသင်း ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ GFA အသင်းကို ဖိအားပေးကစားခဲ့ပြီး ဂိုးသွင်းခွင့်အခွင့်အရေးများ ရရှိခဲ့သော်လည်း တစ်ဖက်ဂိုးသမား ကာကွယ်ထားနိုင်ခဲ့သည့်အပြင် ပြိုင်ဖက်အသင်းရဲ့ ခံစစ်အသားပေး ကစားဟန်ကြောင့် ပထမပိုင်းပွဲကစားချိန်အပြီးမှာ ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်း အဖွင့်ဂိုးရရှိရန် ထပ်မံ ကြိုးစားလာခဲ့ပြီး ပွဲချိန် ၄၈ မိနစ်တွင် ထက်ဖြိုးဝေကို GFA နောက်တန်းကစားသမားတွေ ဖြတ်ထုတ်ပုံ ကြမ်းတမ်းခဲ့တာကြောင့် ရန်ကုန်ယူနိုက်တက်အသင်း ပင်နယ်တီပြစ်ဒဏ်ဘောရရှိခဲ့သည်။ ရရှိခဲ့တဲ့ပင်နယ်တီပြစ်ဒဏ်ဘောကို ဂျူနီယာ ကန်သွင်းခဲ့သော်လည်း ဂိုးဘားတန်းထိပြီးပြန်ထွက်ခဲ့သည်။ ပွဲချိန် ၇၉ မိနစ်မှာတွင် ရန်ကုန်ယူနိုက်တက် အသင်း ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ဇော်ဝင်းသိန်း ကန်တင်ပေးသည့် ထောင့်ကန်ဘောကို ကျော်ဖြိုးဝေ ခေါင်းတိုက် သွင်းယူခဲ့သည်။ ထို့နောက် ၂ မိနစ်အကြာ ပွဲချိန် ၈၁ မိနစ်တွင် ဒေးဗစ်ထန်း ဖြတ်တင်ပေးပို့သည့် ဘောလုံးကို လမင်းထွေးက ခေါင်းတိုက်ပြီးဒုတိယ ဦးဆောင်ဂိုး ထပ်မံသွင်းယူပေးခဲ့သည်။ ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းက GFA အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရမှတ် ၃ မှတ်ကို အရယူနိုင်ခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း ယာယီနည်းပြချုပ် ဉီးကျော်ဒွန်းက “နိုင်လိုချင်စိတ်များတဲ့အတွက် ပထမပိုင်းမှာရော ဒုတိယပိုင်းမှာပါ အမှားတော်တော်များခဲ့ပါတယ်၊ နိုင်ပွဲအတွက်တော့ ကျေနပ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၆ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ၁၁ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၃၅ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၂ နေရာတွင် ဆက်လက်ရပ်တည်နေပြီး နိုဝင်ဘာလ ၇ ရက်တွင် မြန်မာနေရှင်နယ်လိဂ်လက်ကျန်ပွဲစဉ်အဖြစ် ရတနာပုံအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။