၂၀၂၁ ခုနှစ်အတွက် နှစ်သစ်ဆုမွန်လွှာ

မင်္ဂလာပါခင်ဗျာ…

ဆယ်စုနှစ်တစ်ခုကိုနှုတ်ဆက်တဲ့အချိန်မှာ ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ တိုးတက်မှုတွေပိုမိုရှိလာတာကိုတွေ့မြင်နိုင်ပြီး ဒီ ၂၀၂၀ ပြည့်နှစ်မှာကတော့ တစ်ကမ္ဘာလုံးအနေနဲ့စိန်ခေါ်မှုအပြည့်ရင်ဆိုင်ခဲ့ရတဲ့နှစ်တစ်နှစ်လည်းဖြစ်ပါတယ်။

ဒီ၂၀၂၀ ခုနှစ်မှာတော့ အဖက်ဖက်ကကြည့်မယ်ဆိုရင် သိသိသာသာစိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ မိမိတို့အားလုံးရဲ့လူမှုစီးပွားရေးလုပ်ငန်းတွေကလည်း မမျှော်လင့်ဘဲသက်ရောက်မှုကြီးကြီး မားမားနဲ့ထိခိုက်ခဲ့ကြပါတယ်။ မိမိတို့ကိုယ်တိုင်လည်း တာဝန်သိတတ်စွာနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခဲ့ကြတဲ့အပြင်စီးပွားရေးလုပ်ငန်းများရေရှည်တည်တံ့ရန်အတွက်လည်း ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီနှစ်ခရီးလမ်းကတော့ လူတိုင်းအတွက် လွယ်ကူတဲ့နှစ်တစ်နှစ်မဖြစ်ခဲ့ပါဘူး။ မိမိအနေနဲ့ ယခုလိုစိန်ခေါ်မှုအပြည့်နဲ့ ဖြတ်သန်းခဲ့ရတဲ့နှစ်အတွင်းမှာ မဆုတ်မနစ်ကြိုးစားပြီး ကူညီထောက်ပံ့ပေးခဲ့ကြတဲ့ သက်ဆိုင်ရာလူကြီးမင်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ နှင့် ဝန်ထမ်းများအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါကြောင်းဖော်ပြလိုပါတယ်။ မလျော့သောစိတ်ဓာတ်နဲ့ ကြံ့ကြံ့ခံပြီး အချင်းချင်းဖေးမကူညီကြတဲ့ မွန်မြတ်တဲ့နှစ်တစ်နှစ်လည်းဖြစ်ပါတယ်။ နှစ်ဟောင်းကအရာတွေအားလုံးကိုထားခဲ့ပြီး ရှေ့နှစ်သစ်ကိုကောင်းမွန်စွာစတင်နိုင်ဖို့ အခွင့်အရေးတွေက စောင့်ကြိုနေကြပါပြီ။

ပြီးခဲ့တဲ့နှစ်တွေကထက် လာမယ့်နှစ်သစ်မှာတော့ ပိုမိုတိုးတက်ကောင်းမွန်မှုတွေကိုမြင်တွေ့နိုင်မယ်ဆိုတာကို ယုံကြည်ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းကိုယ်စား ရန်ကုန်ယူနိုက်တက်အသင်းကို ပံ့ပိုးကူညီပေးနေကြတဲ့ ကုမ္ပဏီများ၊ မိတ်ဖက်အဖွဲ့အစည်းများ နှင့် အားပေးနေကြတဲ့ ချစ်ပရိသတ်များအားလုံးကို နှစ်သစ်မှာ ပျော်ရွှင်ကျန်းမာစွာနဲ့ ပုံမှန်လူနေမှုဘဝကို ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ချစ်ခင်လေးစားစွာဖြင့်
ဦးပြည့်ဖြိုးတေဇ
ဥက္ကဌ