၂၀၂၀ ရာသီနောက်ဆုံးပွဲစဉ်တွင် ပရိသတ်များကို ပျော်ရွှင်မှုပေးနိုင်ရန် ယှဉ်ပြိုင်သွားမည်ဟု အီစိုး ဆို

၂၀၂၀ ရာသီနောက်ဆုံးပွဲစဉ်တွင် ပရိသတ်များကို ပျော်ရွှင်မှုပေးနိုင်ရန် ယှဉ်ပြိုင်သွားမည်ဟု အီစိုး ဆို

ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှုး အီစိုး က လာမည့် အား/ကာသိပ္ပံအသင်းနှင့်ပွဲစဉ်သည် ၂၀၂၀ ရာသီ နောက်ဆုံးပွဲစဉ်ဖြစ်သည့်အတွက် ပရိသတ်များကို ပျော်ရွှင်မှုပေးနိုင်ရန် ယှဉ်ပြိုင်သွားမည် ဟု ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၀ ဘောလုံးရာသီနောက်ဆုံးပွဲစဉ်အဖြစ် အား/ကာသိပ္ပံအသင်းနှင့် စက်တင်ဘာလ ၃၀ ရက်နေ့၊ ညနေ ၃း၃၀ နာရီ၊ ရန်ကုန်ယူနိုက်တက်ကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
“ပြီးခဲ့တဲ့ပွဲမှာ ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ သုံးတဲ့နည်းပြကို ကျေးဇူးအများကြီးတင်ပါတယ်။ သူသုံးတဲ့အချိန်မှာလည်း အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့တဲ့အပြင် အသင်းနဲ့အတူ ဂိုးပြတ်အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ နည်းပြသစ်လက်ထပ်မှာ ကျွန်တော် ပထမဦးဆုံး ကစားခွင့်ရတဲ့ပွဲဖြစ်တဲ့အပြင် နိုင်ပွဲပျောက်ဆုံးနေမှုကနေ အားလုံးကြိုးစားပြီး အနိုင်ရလဒ် ရရှိခဲ့တဲ့တာဖြစ်တဲ့အတွက် ပျော်ပါတယ်။” ဟု ပြီးခဲ့သည့် ဧရာဝတီအသင်းနှင့် ပွဲစဉ်တွင် အကောင်းဆုံးပုံစံဖြင့် ယှဉ်ပြိုင်ကစားခဲ့သည့် အီစိုး က ဆိုသည်။

ရန်ကုန်ယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံ အသင်းတို့၏ ပထမအကျော့တွေ့ဆုံမှုတွင် ရန်ကုန်အသင်း ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အီစိုး က “လာမယ့်ပွဲမှာတွေ့ရမယ့် အား/ကာသိပ္ပံအသင်းက လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့အသင်းဖြစ်တဲ့အတွက် စုစည်းမှုကတော့ အတော်လေးကောင်းပါတယ်။ ဘောလုံးမှာက ဘာမဆိုဖြစ်နိုင်တဲ့အတွက် လျော့မတွက်ပါဘူး။” ဟု ပြိုင်ဘက်အသင်းနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

ဆက်လက်ပြီး ၎င်း က “ကျွန်တော်တို့အသင်းကို ဒီရာသီတစ်လျှောက် အားပေးလာခဲ့ကြတဲ့ ပရိသတ်တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ လာမယ့်ပွဲမှာ ကျွန်တော်တို့တွေ ပရိသတ်တွေကို ပျော်ရွှင်မှုပေးနိုင်အောင် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားပါမယ်။” ဟု ပရိသတ်များကို ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၁၇ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၁၀ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၃၄ မှတ်ဖြင့် အဆင့် ၄ နေရာတွင် ရပ်တည်နေပြီး အား/ကာသိပ္ပံအသင်းက ၁၇ ပွဲကစား၊ ၃ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁၂ ပွဲရှုံး၊ ရမှတ် ၁၁ မှတ်ဖြင့် အဆင့် ၉ နေရာတွင် ရပ်တည်နေသည်။