ဧရာဝတီယူနိုက်တက်အသင်းတိုက်စစ်မှုး ရန်ကျော်ထွေးကို ၂ နှစ်စာချုပ်ချုပ်ဆို

ဧရာဝတီယူနိုက်တက်အသင်းတိုက်စစ်မှုး ရန်ကျော်ထွေးကို ၂ နှစ်စာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၃ ခုနှစ်ဘောလုံးရာသီအတွက် ပထမဦးဆုံးကစားသမားခေါ်ယူမှုအဖြစ် ဧရာဝတီယူနိုက်တက်အသင်းတိုက်စစ်မှုး ရန်ကျော်ထွေးကို ၂ နှစ်စာချုပ်ဖြင့် ချုပ်ဆိုခေါ်ယူလိုက်ပြီဖြစ်သည်။
ကယားလေး ဟု အသင်းဖော်များက ချစ်စနိုးခေါ်ကြသည့် ရန်ကျော်ထွေးသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့ တွင်မွေးဖွားခဲ့သည့်သူတစ်ဦးဖြစ်သည်။ အရပ် ၅ ပေ ၉ လက်မရှိသည့် တိုက်စစ်မှုးတစ်ဦးဖြစ်ကာ ပြီးခဲ့သည့် ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် စုစုပေါင်း သွင်းဂိုး ၁၄ ဂိုးဖြင့် ဂိုးသွင်းအများဆုံးဆုရရှိခဲ့ပြီး ပဏာမမြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံခဲ့ရသည်။
ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဦးကျော်ဒွန်းက “မနှစ်က ဧရာဝတီအသင်းမှာတိုက်စစ်ကစားတဲ့ပုံကို လည်းကြိုက်တယ်၊ အသင်းမှာလိုအပ်နေတဲ့တိုက်စစ်အတွက်လည်း ဖြည့်တင်းလိုတာကြောင့်လည်း ခေါ်ယူလိုက်ခြင်းဖြစ်ပါတယ်” ဟု ဆိုသည်။
ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၁၂ ခုနှစ် နေပြည်တော်လူငယ်အသင်းတွင်စတင်ခဲ့သည့် ရန်ကျော်ထွေးသည် ၂၀၁၃ ခုနှစ် နေပြည်တော်အကြီးအသင်းသို့ တက်လှမ်းကာ ၃ နှစ်ကြာကစားခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် မနောမြေအသင်း၊ ၂၀၁၇-၁၈ ခုနှစ်တွင် ဇွဲကပင်ယူနိုက်တက်အသင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ဆောက်သမ်းမြန်မာ၊ ၂၀၂၂ ခုနှစ်တွင် ဧရာဝတီယူနိုက်တက်အသင်းတို့တွင်ကစားခဲ့သည်။
ရန်ကျော်ထွေး က “ရန်ကုန်ယူနိုက်တက်လိုအသင်းကြီးကခေါ်ယူတဲ့အတွက် တကယ်ကိုဝမ်းသာပါတယ်။ အသင်းအတွက် အကောင်းဆုံးကြိုးစားပြီးကစားသွားပါမယ်။ အခုလိုရလာတဲ့အခွင့်အရေးကို အကောင်းဆုံးအသုံးချပြီး နိုင်ငံတကာပွဲတွေမှာရော ပြည်တွင်းပွဲတွေမှာရောအသင်းနဲ့အတူ အောင်မြင်မှုတွေရရှိအောင် ခြေစွမ်းပြကစားသွားပါမယ်” ဟု ဆိုခဲ့သည်။