အိမ်ရှင် ဧရာဝတီ အသင်းက ရန်ကုန်အသင်းကို ဆာဆက် ၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရရှိ

အိမ်ရှင် ဧရာဝတီ အသင်းက ရန်ကုန်အသင်းကို ဆာဆက် ၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရရှိ

မြန်မာနေရှင်လိဂ် အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် ၉ အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် ဧရာဝတီယူနိုက်တက်အသင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ၏ ပွဲစဉ်တွင် အိမ်ရှင် ဧရာဝတီ အသင်းက ရန်ကုန်အသင်းကို ဆာဆက် ၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ရန်ကုန်အသင်းသည် ၄-၂-၃-၁ ကစားကွက်ဖြင့် ပွဲထွက်လာခဲ့ပြီး ဒဏ်ရာမှ ပြန်လည်သက်သာလာသည့် ကောင်းထက်စိုး ပွဲထွက်လာခဲ့ပြီး အရံလူစာရင်းတွင် ကြည်လင်း ပါဝင်လာခဲ့သည်။

အိမ်ရှင်အားသာချက်ဖြင့် ယှဉ်ပြိုင်လာသည့် ဧရာဝတီအသင်းသည် ပထမပိုင်း မိနစ်အနည်းငယ်တွင် တိုက်စစ်ဆင်ကစားခဲ့သော်လည်း နောက်တန်း နှင့် ဂိုးသမား ကျော်ဇင်ထက်တို့ အကောင်းဆုံး ကာကွယ်နိုင်ခဲ့သည်။ ထို့နောက် ရန်ကုန်အသင်း တစ်ဖန် တိုက်စစ်ကစားနိုင်ခဲ့ပြီး အောင်ကျော်နိုင်၊ ဘာဖို နှင့် မောင်မောင်လွင် တို့၏ ကန်သွင်းချက်များရှိခဲ့ပြီး အဆုံးသတ် အားနည်းမှုကြောင့် ဂိုးရခွင့် နစ်နာခဲ့သည်။ ၄၅ မိနစ်ပြီးဆုံးသည်ထိ တစ်ဖက်နှင့် တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်နေခဲ့သည်။

ဒုတိယပိုင်းစပြီး မိနစ်အနည်းငယ်တွင် ရန်ကုန်အသင်း ပြစ်ဒဏ်ဘောကန်ခွင့်နှစ်ကြိမ် ရရှိခဲ့ပြီး မောင်မောင်လွင် နှင့် ကြည်လင်းတို့ အပိုင်ကန်သွင်းခဲ့သော်လည်း လွဲချော်ခဲ့သည်။ ဦးဆောင်ဂိုး ရရှိရေးအတွက် နှစ်ဖက်အသင်းမှ လူစားလဲလှယ်မှုများပြုလုပ်ခဲ့ကြပြီး ရန်ကုန်အသင်းမှ ကောင်းထက်စိုး အစား ကြည်လင်း၊ ဘာဖိုအစား အီမာနျုရယ် တို့ဝင်ရောက်ခဲ့သည်။ အိမ်ရှင်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၆၇ မိနစ်တွင် ဆာဆက် က လွင်မိုးအောင် ၏ ကန်တင်ပေးမှုမှတဆင့် ခေါင်းတိုက်သွင်းယူခဲ့သည်။ ရန်ကုန်အသင်းမှ မိနစ် ၈၀ နောက်ပိုင်းတွင် တစ်ဖက်အသင်း ဂိုးပေါက်ကို ဆက်တိုက်ခြိမ်းခြောက်နိုင်ခဲ့သော်လည်း ဂိုးသမားကာကွယ်နိုင်ခဲ့သဖြင့် နစ်နာခဲ့သည်။ အချိန်ပို ၅ မိနစ်တွင်မောင်မောင်လွင် ဂိုးရှေ့ အနီးကပ်ချပေးသည့် ဘောလုံးကို အီမာနျုရယ် ခေါင်းတိုက်ရန် ကြိုးစားသော်လည်း ဂိုးသမားကာကွယ်နိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ဧရာဝတီယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးတင်မောင်ထွန်း က ” တစ်ချက်အာရုံလွတ်လိုက်တဲ့အချိန်မှာ ဂိုးပေးလိုက်ရပါတယ်။ အခွင့်အရေးတွေအများကြီးရခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။ အဆုံးသတ်တွေအားနည်းခဲ့ပါတယ်။ ပရိသတ်တွေကိုလည်း တောင်းပန်ပါတယ်။” ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၉ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံး၊ ရမှတ် ၂၀ ဖြင့် အဆင့် ၃ နေရာတွင် ရပ်တည်နေပြီး လာမည့် မတ်လ ၁၀ ရက်နေ့တွင် AFC Cup 2020 (Group-F) ပြိုင်ပွဲအဖြစ် စင်္ကာပူကလပ် ဟောင်ဂန်းယူနိုက်တက်အသင်းနှင့် သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။