အား/ကာသိပ္ပံ အသင်းကို ၃-၀ ဖြင့်ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

အား/ကာသိပ္ပံ အသင်းကို ၃-၀ ဖြင့်ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၇ အဖြစ် အား/ကာသိပ္ပံ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်းက ထက်ဖြိုးဝေ၊ သူရိန်စိုး၊ ဂျူနီယာတို့ရဲ့ သွင်းဂိုးများဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
ယနေ့ပွဲစဉ်တွင် ကစားသမားအပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး ၄-၃-၃ ကစားကွက်ဖြင့်ပွဲထွက်လာခဲ့သည်။ ပွဲစသည်နှင့် ရန်ကုန်ယူနိုက်တက်အသင်း အချိတ်အဆက်မိမိနဲ့ လျင်လျင်မြန်မြန် တိုက်စစ်ဆင်ကစားခဲ့ပြီး ရန်ကုန်အသင်းအတွက်အဖွင့်ဂိုးကို ပွဲချိန် ၁၆ မိနစ်တွင် ထက်ဖြိုး‌ဝေ က အဝေးကန်ချက်လှလှပပဖြင့် ဂိုးသမားဘယ်ထောင့်သို့သွင်းယူပေးခဲ့သည်။ ပွဲချိန် ၂၈ မိနစ်တွင် ထက်ဖြိုးဝေ ပြစ်ဒဏ်ဘောကန်တင်သည့် ဘောလုံးကို ဂိုးသမားပုတ်ထုတ်ရာမှ ပြန်ထွက်လာသည့်ဘောလုံးကို သူရိန်စိုး က အနီးကပ်သွင်းယူခဲ့သည်။ ထို့နောက် ပွဲချိန် ၄၃ မိနစ်တွင် အား/ကာသိပ္ပံ နောက်တန်းမှ ဇာနည်ထက် ကို ဖြတ်ထုတ်ပုံကြမ်းတမ်းခဲ့သည့် အတွက် ရန်ကုန်ယူနိုက်တက်အသင်း ပင်နယ်တီပြစ်ဒဏ်ဘောရရှိခဲ့သည်။ ရရှိခဲ့သည့် ပင်နယ်တီပြစ်ဒဏ်ဘောကို ဂျူနီယာက အမှားအယွင်းမရှိ ကန်သွင်းယူပြီး ပထမပိုင်းပွဲကစားချိန်အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း ၃-၀ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် အား/ကာသိပ္ပံအသင်း ကစားအားမြှင့်တင်လာခဲ့ပြီး ချေပဂိုးများပြန်လည် ရရှိရန် ကြိုးစားလာခဲ့သည်။ ပွဲချိန် ၇၀ မိနစ်တွင် ဇော်ဝင်းသိန်း၊ ၇၇ မိနစ်တွင် ရန်နိုင်ဦးတို့ ကန်သွင်းခွင့်ရရှိခဲ့ သော်လည်း တစ်ဖက်ဂိုးသမားကာကွယ်နိုင်ခဲ့သည်။ အား/ကာသိပ္ပံ အသင်းအနေနဲ့ ပွဲချိန် ၇၃ မိနစ်နဲ့ ၇၉ မိနစ်တွေမှာ ဂိုးပေါက်ခြိမ်းခြောက်မှု ပြုလုပ်နိုင်ခဲ့သော်လည်း ရန်ကုန်ယူနိုက်တက် ဂိုးသမား ဆန်းဆက်နိုင် နေရာယူမှန်မှန်နှင့် အကောင်းဆုံးကာကွယ်နိုင်ခဲ့သောကြောင့် ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက အား/ကာသိပ္ပံအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း ယာယီနည်းပြချုပ် ဦးကျော်ဒွန်းက “ကစားသမားတွေရဲ့ ကြိုးစားမှုကို ကျေးဇူးတင်ပါတယ်၊ သူတို့ကြိုးစားလို့ ယခုလို အနိုင်ရရှိခဲ့တာပါ” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၅ ပွဲယှဉ်ပြိုင်ကစားထားပြီးချိန်တွင် ၁၀ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲရှုံး ရမှတ် ၃၂ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၂ နေရာတွင် ဆက်လက်ရပ်တည်နေပြီး လာမည့် နိုဝင်ဘာ ၂ ရက်နေ့၊ သုဝဏ္ဏကွင်းတွင် GFA အသင်းနှင့်ဆက်လက်ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။